News

POST TYPE

NEWS

ကျောက်ဆည်ဆင်ပြိုင်ပွဲ နိုင်ငံရေးနှင့်သက်ဆိုင်သည့် အလံ၊ တံဆိပ်များမသုံးရန် ကန့်သတ်
11-Oct-2018


မန္တလေး၊ အောက်တိုဘာ ၁၀

ကျောက်ဆည်မြို့တွင် ကျင်းပမည့် (၄၁) ကြိမ်မြောက် ဆင်ပြိုင်ပွဲတွင် လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေးနှင့်သက်ဆိုင်သည့် အလံ၊ တံဆိပ်များ မသုံးစွဲရန် စည်းကမ်းသတ်မှတ်ထားကြောင်း ကျောက်ဆည် ဆင်ပြိုင်ပွဲ ကျင်းပရေးကော်မတီဝင် ဦးစိုးသီဟက ပြောကြားသည်။

“ပြိုင်ပွဲဝင်တွေအနေနဲ့ ဘယ်အလံမှမသုံးရဘူး။ ဒီပွဲက ဘာသာရေးပွဲဖြစ်တယ်။ ရိုးရာပွဲဖြစ်တယ်။ ရိုးရာပွဲမှာ အဖွဲ့အစည်းအလံတွေ၊ ဘာသာရေး၊ နိုင်ငံရေးအလံတွေ သုံးစွဲတာဟာ ရိုးရာပွဲအတွက် အနှောင့်အယှက်ဖြစ်နိုင်တယ်။ ဒါကြောင့်လည်း ဘယ်အလံမှမသုံးဖို့ သတ်မှတ်တယ်။ ရိုးရာပွဲကို ရိုးရာပွဲနဲ့တူ အောင်အားဖြည့်ရမယ်”ဟု ၎င်းကရှင်းပြသည်။

မြန်မာနိုင်ငံတွင် ထင်ရှားသော ကျောက်ဆည်ဆင်ပွဲကို နှစ်စဉ် သီတင်းကျွတ်လဆန်း ၁၄ ရက်နှင့် လပြည့်နေ့များတွင် ကျင်းပလေ့ရှိပြီး ဆင်လှူပွဲနှင့် ဆင်ပြိုင်ပွဲဟူ၍ ထည့်သွင်းကျင်းပလေ့ရှိသည်။

ဆင်လှူပွဲသည် ဆင်ရုပ်များဖြင့် ရွှေသာလျောင်းမြတ်စွာဘုရားကို လွန်ခဲ့သည့်နှစ်ပေါင်း ၉၀၀ ကျော်ကတည်းက တင်လှူပူဇော်ခဲ့ခြင်းဖြစ်ကြောင်း ကျောက်ဆည်မြို့မိမြို့ဖများအဆိုအရ သိရသည်။

ယခုနှစ်ကျင်းပမည့် ကျောက်ဆည် ဆင်ပြိုင်ပွဲအတွက် လက်ရှိအချိန်ထိ ပြိုင်ပွဲဝင်မည့်အဖွဲ့ ၁၈ ဖွဲ့စာရင်ပေးထားပြီးဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်များ လိုက်နာရမည့် စည်းကမ်းချက် ၇ ချက်သတ်မှတ်ထားရာ ထိုစည်းကမ်းချက်များ ဖောက်ဖျက်ပါက အမှတ်ပေးမည်မဟုတ်ကြောင်း ကျောက်ဆည်ဆင်ပြိုင်ပွဲကျင်းပရေး ကော်မတီဝင်များက ပြောဆိုသည်။

“နိုင်ငံရေး၊ ဘာသာရေးနွယ်တဲ့ အရာတွေမသုံးဖို့ စည်းကမ်းချထားတယ်။ ဒီလိုလုပ်တာကိုကြိုဆိုတယ်။ အရောင်အသွေးတွေပါမယ်ဆိုရင် ကျောက်ဆည် ဆင်ပွဲတော်ရဲ့ပုံရိပ် ကျဆင်းသွားနိုင်တယ်”ဟု ဘော်ကြယ်ဆင်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုးမြေဂုဏ်ဆောင် ရွှေဇင်မောင်ဇင် ဆင်အဖွဲ့ခေါင်းဆောင် ဦးစိုးရွှေက ပြောကြားသည်။

M-05