News

POST TYPE

NEWS

စက်သုံးဆီဈေးမြင့်၍ ချင်းတွင်းမြစ်သွား သင်္ဘောများ ရပ်နားမည်
11-Oct-2018



ကလေး၊ အောက်တိုဘာ ၁၀ 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှ ချင်းတွင်းမြစ်ကြောင်းအတိုင်း မုံရွာ - ဟုမ္မလင်းပြေးဆွဲနေသည့် သင်္ဘောများမှာ စက်သုံးဆီဈေးမြင့်တက်မှုကြောင့် ခရီးစဉ်များ ပြေးဆွဲမှုရပ်နားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်း၊ ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးဌာနမှ သိရသည်။ 

ယခုနှစ် မိုးရာသီကာလတွင် စစ်ကိုင်းတိုင်းအတွင်းရှိ ချင်းတွင်းမြစ်ကမ်းဘေးနေ ဒေသခံများ အဆင်ပြေစွာသွားလာနိုင်ရေးအတွက် ပြည်တွင်းရေကြောင်းဌာနနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအကျိုးတူ ပူးပေါင်းကာ သင်္ဘောနှစ်စင်းဖြင့် ပြေးဆွဲခဲ့ပြီး ယင်းသင်္ဘောနှစ်စီးအနက် မိုးမြင့်ကြယ်ကုမ္ပဏီမှ သင်္ဘောသည် စတင်ပြေးဆွဲပြီး တစ်လကျော်အကြာ ဩဂုတ်လအတွင်းမှစ၍ ခရီးသည်စီးနင်းမှုနည်းပါးခြင်းကြောင့် အရှုံးပေါ်၍ ရပ်နားခဲ့ရသည်။

ယင်းနောက် ချမ်းငြိမ်းအမည်ရှိ သင်္ဘောဖြင့် ကြည်သာအောင်ကုမ္ပဏီက ဆက်လက်ပြေးဆွဲခဲ့သော်လည်း စက်သုံးဆီဈေးမြင့်တက်မှုကြောင့် အောက်တိုဘာလ ၈ ရက်နေ့က မုံရွာမြို့မှ ဟုမ္မလင်းမြို့သို့ ပြေးဆွဲသည့် ခရီးစဉ်ပြီးဆုံးပါက ရပ်နားတော့မည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။ 

“ဆီဈေးကမြင့်တော့ အခုဟာက တစ်ခေါက်ကို ဆီဖိုးပိုကုန်လာတယ်။ ပြီးတော့ မြစ်ကြောင်းကလည်း သဲသောင်ထွန်းမှုတွေ ပေါ်လာတော့ စက်ကလည်းတစ်လုံးထဲနဲ့ မောင်းနေရတော့ ခရီးစဉ်ကလည်း နောက်ကျတယ်”ဟု ပြည်တွင်းရေကြောင်းနှင့် အကျိုးတူပူးပေါင်းကာ ချမ်းငြိမ်းသင်္ဘောဖြင့် ပြေးဆွဲနေသည့် ကုမ္ပဏီလုပ်ငန်းရှင် ဦးဆန်းဗိုလ်က ပြောဆိုသည်။

သင်္ဘောစတင်ပြေးဆွဲချိန်က စက်သုံးဆီ တစ်ပီပါလျှင် ကျပ်တစ်သိန်းလေးသောင်းရှိရာမှ ယခုအခါ နှစ်သိန်းအထိ မြင့်တက်လာသဖြင့် သင်္ဘောတစ်ခေါက်လျှင် ဆီပီပါ ၁၄ လုံးကျော်အထိ အသုံးပြုပြေးဆွဲရသဖြင့် စက်သုံးဆီအသုံးပြုခများ မြင့်တက်လာခဲ့ကြောင်း၊ စက်သုံးဆီဖိုးကာမိစေရန်အတွက် ယခုနောက်ဆုံး အခေါက်ပြေးဆွဲမှုတွင် မုံရွာ- ဟုမ္မလင်း ခရီးသည်တင်ခတစ်ဦးကို မူလဈေးထက် ကျပ်တစ်ထောင်တိုးမြှင့်ကောက်ခံခဲ့သော်လည်း စီးနင်းသူနည်းပါးသဖြင့် ရပ်နားရန် ပြင်ဆင်ခဲ့ရခြင်းဖြစ်ကြောင်း ကုမ္ပဏီတာဝန်ရှိသူများထံမှ သိရသည်။

သင်္ဘောဖြင့် ခရီးသည်တင်ခအနေနှင့် မုံရွာ - ဟုမ္မလင်း လူတစ်ဦးလျှင် ရိုးရိုးတန်း ၉၀၀၀ ကျပ်၊ အထူးတန်းနှစ်သောင်းကျပ်အဖြစ် သတ်မှတ်ပြေးဆွဲခဲ့ပြီး အာလူး၊ ကြက်သွန်ကဲ့သို့သော ကုန်စည်များကို ဆာလာအိတ်တစ်အိတ်လျှင် ၁၂၀၀ ကျပ်၊ ၁၃၀၀ ကျပ် သတ်မှတ်ကာ သင်္ဘောတစ်ခေါက်လျှင် လူ ၂၅၀ ဦး၊ ကုန်တန်ချိန် ၇၀ အထိ တင်ဆောင်နိုင်ကြောင်း သင်္ဘောတာဝန်ရှိသူများထံမှ သိရသည်။

R-20