News

POST TYPE

NEWS

ထောင်သုံးနှစ်ချမှတ်ခံရသော နန်းမိုဟွမ်ကို ပြန်လွှတ်ပေးရန် TNLA သဘောတူ
11-Oct-2018

ရန်ကုန်၊ အောက်တိုဘာ ၁၀

တအာင်းပလောင် လက်နက်ကိုင်အဖွဲ့ (TNLA) က ဖမ်းဆီးထားသည့် နန်းမိုဟွမ်ကို “ဝ” ဦးဆောင်သည့် မြောက်ပိုင်းအဖွဲ့ (FCNPP) က ကြားဝင်ညှိနှိုင်းပေးမှုကြောင့် ပြန်လွှတ်ပေးရန် သဘောတူခဲ့ကြောင်း မြောက်ပိုင်းအဖွဲ့နှင့် နန်းမိုဟွမ်မိသားစုတို့ ပူးတွဲသဘောထား ထုတ်ပြန်ကြေညာခဲ့သည်။

TNLA အနေနှင့် နန်းမိုဟွမ်ကို ထောင်ဒဏ်သုံးနှစ်ချလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုခဲ့ပြီးနောက်တွင် ယင်းသို့ ပြန်လွှတ်ပေးရန် သဘောတူပေးခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာလ ၉ ရက်က မြောက် ပိုင်းလက်နက်ကိုင်အဖွဲ့ (FCNPP) ၏ စီစဉ်ပေးမှုအရ နန်းမိုဟွမ်၏ မိသားစုဝင်နှင့် နမ့်ခမ်းမြို့နယ် ရှမ်းလူမှုအသင်းအဖွဲ့အစည်း ၁၀ ဖွဲ့မှ စေလွှတ်သည့်ကိုယ်စားလှယ် ၄ ဦးတို့နှင့် TNLA အဖွဲ့တို့ နန်းမိုဟွမ်လွတ်မြောက်ရေးအတွက် (FCNPP) ဌာနချုပ်ရှိရာ “ဝ” ဒေသ ပန်ခမ်းမြို့ရှိ ပြင်ပဆက်ဆံရေးဌာနတွင် တိုက်ရိုက်တွေ့ဆုံခဲ့ကြောင်း မြောက်ပိုင်းအဖွဲ့ထံမှ သိရသည်။

“ဝ” ဦးဆောင်သည့် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များ၏ တပ်ပေါင်းစုအဖွဲ့ (FCNPP) ကော်မတီတွင် TNLA အဖွဲ့အနေနှင့်လည်း အဖွဲ့ဝင်အဖြစ်ပါဝင်နေပြီး “ဝ” အဖွဲ့၏ တိုက်တွန်းမှုကြောင့် ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သုံးသပ်မှုများ ထွက်ပေါ်နေသည်။

FCNPP ၏ ကြားဝင်စေ့စပ်ပေးမှုအောက်တွင် နန်းမိုဟွမ်သည် သက်ဆိုင်ရာကိစ္စအပေါ်တွင် မှားယွင်းမှုအချို့ရှိခဲ့ကြောင်း ကိုယ်တိုင်ဝန်ခံခဲ့ခြင်းကြောင့် ထောင်ဒဏ်သုံးနှစ်ချမှတ်ခဲ့ရပြီး မိသားစုဝင်များနှင့် အဖွဲ့အစည်းမှကိုယ်စားလှယ်များက လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် မေတ္တာရပ်ခံခဲ့၍ TNLA က တိုင်းရင်းသား ညီညွတ်ရေးကို ရှေးရှုကာ နန်းမိုဟွမ်ကို အမြန်ဆုံးပြန်လွှတ်ပေးရန် သဘောတူခဲ့ကြောင်း FCNPP ၏ ထုတ်ပြန်ချက်အရ သိရသည်။

“ဝ” ဦးဆောင်သည့် FCNPP သည် နန်းမိုဟွမ်ကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်သည့် အခြေအနေများကို တစ်လနီးပါး စုံစမ်းမေးမြန်းခဲ့ပြီး TNLA နှင့်လည်း ပဏာမဆွေးနွေးမှုများ ပြုလုပ်ခဲ့ရကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ရှိသူတစ်ဦးက ဆိုသည်။

လက်ရှိတွင် နန်းမိုဟွမ်အနေနှင့် လုံခြုံစိတ်ချရသည့် နေရာတွင်ရှိပြီး ထုတ်ပြန်ချက်အတိုင်း ဆောင်ရွက်သွားမည်ဟုလည်း ၎င်းကဆိုသည်။

ဖမ်းဆီးထားသည်မှာ တစ်လကျော် ကြာမြင့်ပြီဖြစ်သည့် နန်းမိုဟွမ်အမှုကို စစ်ဆေးခဲ့ပြီး အောက်တိုဘာလ ၅ ရက်က ထောင်ဒဏ်သုံးနှစ်ချမှတ်ခဲ့ပြီးဖြစ်ကြောင်း၊ TNLA အကောက်ခွန်ဝန်ထမ်းများ တာဝန်ထမ်းဆောင်နေစဉ် အပြင်းအထန်ထိခိုက်သေဆုံးသည်အထိ တာဝန်ဝတ္တရား နှောင့်ယှက်ခဲ့မှုဖြင့် ထောင်ဒဏ်သုံးနှစ် ချလိုက်ခြင်းဖြစ်ကြောင်း TNLA အဖွဲ့က ထုတ်ပြန်ပြောဆိုခဲ့သည်။

ထို့ပြင် နန်းမိုဟွမ်၏ ကျန်းမာရေးလုံခြုံရေးအခြေအနေစိတ်ချရပြီး မိသားစုနှင့်လည်း ထောင်ဝင်စာတွေ့ခွင့်ပေးသွားမည်ဖြစ်ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ရှိသူက ဆိုသည်။

တအာင်းပလောင် လက်နက်ကိုင်အဖွဲ့ (TNLA) သည် အဆိုပါအမျိုးသမီးကို ဩဂုတ်လ ၁၇ ရက်က ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးထားသည့် နန်းမိုဟွမ်ကို ပြန်လွှတ်ပေးရန် တိုက်တွန်းသည့် ကြေညာချက်တစ်စောင်ကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) အဖွဲ့ကလည်း ပြီးခဲ့သည့်ရက်ပိုင်းက ထုတ်ပြန်ထားသည်။

ထို့ပြင် စက်တင်ဘာလ ၁၇ ရက်ကလည်း နန်းမိုဟွမ်ကို လွတ်မြောက်ရေးအတွက် နန့်ခမ်းမြို့ ဒေသခံထောင်နှင့်ချီကာ ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

J-08