News

POST TYPE

NEWS

ပဲခူး-ညောင်လေးပင် ရထားလမ်းပိုင်း တစ်ရက် ရှစ်နာရီလမ်းပိတ်၍ လုပ်ငန်းဆောင်ရွက်မည်
10-Oct-2018
ရန်ကုန်၊ အောက်တိုဘာ ၉

ရန်ကုန်-မန္တလေးရထားလမ်းပိုင်း အဆင့်မြှင့်တင်သည့်စီမံကိန်းဖြစ်သော အောက်တိုဘာလအတွင်း ဆောင်ရွက်မည့် ပဲခူး-ညောင်လေးပင်လမ်းပိုင်းအဆင့် မြှင့်ရာတွင် လုပ်ငန်းဆောင်ရွက်ချိန်အဖြစ် တစ်ရက်လျှင် ရှစ်နာရီလမ်းပိတ်၍ ဆောင်ရွက်ရန် လျာထားကြောင်း မြန်မာ့မီးရထား (နေပြည်တော်) အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

“JICA နဲ့ ဆွေးနွေးထားတာ တစ်ရက်ကို နေ့ခင်းပိုင်းကို လမ်း လေးနာရီ လမ်းပိတ်ပြီး အလုပ်လုပ်မယ်။ ညပိုင်းကို လေးနာရီပေါ့။ တစ်ရက်ကို ရှစ်နာရီ လမ်းပိတ်ပြီး အဆင့်မြှင့်တင်တဲ့လုပ်ငန်း လုပ်မယ်လို့ ဆွေးနွေးထားတယ်”ဟု ၎င်းက ဆိုသည်။

လမ်းပိုင်း လုပ်ငန်းဆောင်ရွက်ချိန်တွင် ခရီးသည်များ အခက်အခဲမရှိစေရန်နှင့် ရထားပြေးဆွဲမှု ပုံမှန်အတိုင်းဖြစ်စေရန် လမ်းပိတ်ရာတွင် ရထားပြေးဆွဲချိန်ပေါ်မူတည်၍ လက်ဝဲရစ်လမ်းပိုင်း (သို့မဟုတ်) လက်ယာရစ်လမ်းပိုင်းကို တစ်ဖက်ပိတ်၍ ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် အောက်တိုဘာလအတွင်း ပဲခူး-ညောင်လေးပင် ရထားလမ်းပိုင်းကို စတင်အဆင့်မြှင့်တင်မည်ဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် ညောင်လေးပင်-တောင်ငူ ရထားလမ်းပိုင်းကို အဆင့်မြှင့်တင်ခြင်းလုပ်ငန်း လုပ်ကိုင်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

စီမံကိန်းအဆင့် (၁) အနေနှင့် ရန်ကုန်-တောင်ငူလမ်းပိုင်းကို ရန်ကုန်-ပဲခူး၊ ပဲခူး-ညောင်လေးပင်နှင့် ညောင်လေးပင်-တောင်ငူဟူ၍ အပိုင်းသုံးပိုင်းခွဲပြီး TEKKEN-RN JV ကုမ္ပဏီက ပဲခူး-ညောင်လေးပင် အပိုင်းကို လုပ်ကိုင်မည်ဖြစ်ကာ Tokyu Construction ကုမ္ပဏီက ညောင်လေးပင်-တောင်ငူလမ်းပိုင်းကို ဆောင်ရွက်မည်ဖြစ်သည်။

အဆင့်မြှင့်တင်ခြင်းလုပ်ငန်းမှာ JICA က ဒီဇိုင်းရေးဆွဲထားသည့်အတိုင်း တင်ဒါအောင်ကုမ္ပဏီက သံလမ်း အဆင့်မြှင့်တင်ခြင်း၊ အချက်ပြစနစ်တပ်ဆင်ခြင်း၊ ရထားတွဲ၌ အဲကွန်းများ အသစ်တပ်ဆင်ခြင်း၊ ရထားခုန်ခြင်း လျော့ကျစေခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းသည် လမ်းအရှည် မိုင်အားဖြင့် ၃၈၀ ကျော်ရှည်လျားသဖြင့် စီမံကိန်း အဆင့် (၁) ကို ရန်ကုန်-တောင်ငူ ရထားလမ်းပိုင်း၊ အဆင့် (၂) ကို တောင်ငူ-မန္တလေး ရထားလမ်းပိုင်းအဖြစ် သတ်မှတ်ထားကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

အဆိုပါ လမ်းပိုင်းတစ်ခုလုံးအဆင့် မြှင့်တင်ခြင်းစီမံကိန်းအတွက် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA ချေးငွေ အမေရိကန်ဒေါ်လာ၂ ဒသမ ၇ဘီလီယံသုံးစွဲမည်ဖြစ်ပြီး ၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ စီမံကိန်းကာလအဖြစ် သတ်မှတ်ထားကြောင်း မြန်မာ့မီးရထားထံမှ ဆက်လက်သိရသည်။

J-06


  • VIA