News

POST TYPE

NEWS

မိတ္ထီလာတွင် ကင်ဆာရောဂါရှိ မရှိ အခမဲ့စစ်ပေးမည်
10-Oct-2018

မိတ္ထီလာ၊ အောက်တိုဘာ ၉

ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်း (Health-Care Mobile Team) မှ ဆရာဝန်ကြီးများက မိတ္ထီလာမြို့ရှိ Grand Cosmos Hotel နှင့် ရှင်မိုးအထူးကုဆေးခန်းတို့၌ အောက်တိုဘာလ ၁၂ ရက်နေ့တွင် ကင်ဆာရောဂါအကြောင်း ပညာပေးဟောပြောမည်ဖြစ်ပြီး ကင်ဆာရှိမရှိ အခမဲ့စမ်းသပ်စစ်ဆေးပေးမည်ဖြစ်ကြောင်း အဆိုပါအစီအစဉ်ကို ဦးဆောင်နေသူများထံမှ သိရသည်။

ဆေးခန်းလာတဲ့လူတွေအတွက် ပညာပေးဆွေးနွေးပွဲ အရင်လုပ်မယ်။ ရွှေရောင်နှင်းဆီကင်ဆာ ဖောင်ဒေးရှင်းက ဆရာဝန် ၄၇ ယောက်က ရှင်မိုးဆေးခန်းမှာ စစ်ဆေးကုသမှုတွေလုပ်ပေးမယ်။ အကုန်လုံး အခမဲ့ပါ။ နယ်ဝေးကလာတဲ့ သူတွေအတွက် အာဟာရဒါနရှိပါတယ်”ဟု ရှင်မိုးအထူးကုဆေးခန်းမှ မန်နေဂျာ တစ်ဦးဖြစ်သူ ဒေါ်ထက်ထက်ဝင်းက ပြောကြားသည်။

ယင်းအစီအစဉ်ကို စနစ်တကျ ဆောင်ရွက်နိုင်ရန် ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်းနှင့်အတူ ခရိုင်နှင့် မြို့နယ်ပရဟိတကွန်ရက်အသင်းများနှင့် ပြည်တွင်းဆေးကုမ္ပဏီလေးခုက အားဖြည့်ကူညီပေးမည် ဖြစ်သည်။ 

ကုသရေးအစီအစဉ်များတွင် ရင်သားစမ်းသပ်စစ်ဆေးပေးခြင်း၊ အိမ်ထောင်သည်အမျိုးသမီးများကို သားအိမ်ခေါင်းစမ်းသပ်ပေးခြင်းနှင့် ကုသပေးခြင်း၊ ကွမ်းစားသူအမျိုးသား၊ အမျိုးသမီးများကို ခံတွင်းစမ်းသပ်စစ်ဆေးပေးခြင်း၊ ကင်ဆာရောဂါအထူးကုဆရာဝန်ကြီးနှင့် ပြသတိုင်ပင်ခြင်း၊ ကလေးရောဂါအထူးကုဆရာဝန်ကြီးနှင့် ပြသတိုင်ပင်ခြင်း၊ အသည်းရောင်ဘီပိုးစစ်ဆေးပေးခြင်း၊ သွေးချိုစစ်ဆေးပေးခြင်း၊ အထွေထွေရောဂါအထူးကုဆရာဝန်နှင့် တွေ့ဆုံခြင်း၊ ဓာတ်မှန်ဆရာဝန်ကြီးဖြင့် စစ်ဆေးပေးခြင်းတို့ ပါဝင်မည်ဖြစ်သည်။

အဆိုပါအစီအစဉ်တွင် စစ်ဆေးကုသခံယူလိုပါက ဖုန်း-ဝ၉-၄၄၄၄၉၇၄၃၇၊ ဝ၉-၇၇၇၇၉၇၄၃၇၊ ဝ၆၄-၂၀၃၅၄၁၂ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်သည်။

R-01