News

POST TYPE

NEWS

တန်ဖိုးနည်းတိုက်ခန်း နှစ်ထောင်ကျော် အရစ်ကျစနစ်ဖြင့် ရောင်းချပေးမည်ဟုဆို
ရန်ကုန်၊ အောက်တိုဘာ ၁၂

ငွေကျပ်သိန်း ၇၀ နှင့် ၁၂၀ ကြားရှိ တန်ဖိုးနည်းတိုက်ခန်း ၂၂၀၈ခန်းကို အရစ်ကျစနစ်ဖြင့် နိုဝင်ဘာလထဲတွင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းအောင်အေးက ပြောကြားသည်။

ဆောက်လုပ်မှုပြီးစီးပြီဖြစ်သည့် အဆိုပါတန်ဖိုးနည်းတိုက်ခန်းများကို CHDB ဘဏ်တွင် ငွေစုသူများထံ ဦးစားပေးရောင်းချသွားမည်ဖြစ်ပြီး လက်ငင်းဝယ်ယူလိုသူများကိုလည်း ယင်းတန်ဖိုးနည်းတိုက်ခန်းဝယ်ယူနိုင်ရန် စဉ်းစားပေးသွားမည်ဖြစ်ကြောင်း ဦးမင်းအောင်အေးက ဆိုသည်။

"တိုက်ခန်းကို အရစ်ကျစနစ်နဲ့ ၀ယ်ယူသူများအနေနဲ့ CHDBဘဏ်မှာ အကောင့်ဖွင့်ပြီး အတိုးနှုန်းအပါအ၀င် ရှစ်နှစ်အရစ်ကျနဲ့ နိုဝင်ဘာမှာ ရောင်းချပေးသွားမှာပါ။ CHDBဘဏ်မှာ ငွေစုထားတဲ့ ၃၀ရာခိုင်နှုန်းပြည့်တဲ့သူတွေကို ဦးစားပေးရောင်းချသွားမယ်။ လက်ငင်းငွေချေစနစ်နဲ့ ၀ယ်ယူသူများအနေနဲ့ လေးရစ်ခွဲသွင်းပြီး ၀ယ်ယူနိုင်ပါတယ်"ဟု ၎င်းက ဆိုသည်။

အရစ်ကျစနစ်ဖြင့်ရောင်းချပေးမည့် တိုက်ခန်းများမှာ အလျား ၁၈ပေ၊ အနံ ၂၆ပေရှိမည်ဖြစ်ပြီး Hall Type အဖြစ်ဖွဲ့စည်းထားကာ ဧရိယာစတုရန်းပေ ၄၆၈မှ ၅၀၀အထိရှိမည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

ယခုလက်ရှိ CHDB ဘဏ်တွင် အိမ်ရာဝယ်ယူရန် ငွေစုထားသူ ၅၀၀၀ကျော်ရှိပြီး တိုက်ခန်းများလျှောက်လွှာဝယ်ယူရမည့် နေ့ရက်နှင့် စည်ကမ်းချက်များကို နိုဝင်ဘာလ၌ သတင်းစာများတွင် ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ရောင်းချသွားမည့် အိမ်ရာစီမံကိန်းများမှာ ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇနတန်ဖိုးနည်းအိမ်ရာ အပိုင်း(၁)မှ ၈၆၄ခန်း၊ ဒဂုံဆိပ်ကမ်းမြို့နယ် ကနောင်အိမ်ရာစီမံကိန်းမှ အခန်းပေါင်း ၈၄၀ခန်း၊ လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းအပိုင်း (၃)မှ ၅၀၄ခန်း စုစုပေါင်း၂၂၀၈ခန်းကို ရောင်းချပေးသွားမည်ဖြစ်ပြီး တိုက်ခန်းများမှာ ခြောက်ခန်းတွဲ လေးထပ်နှင့် ရှစ်ခန်းတွဲ လေးထပ်ရှိကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရက ရောင်းချမည့်အခန်း၏ ၇၀ရာခိုင်နှုန်းကို အများပြည်သူများအား ရောင်းချပေးသွားမည်ဖြစ်ပြီး ကျန်ရှိသည့် ၃၀ရာခိုင်နှုန်းကို ပြည်ထောင်စုအစိုးရက အစိုးရ၀န်ထမ်းများအား ရောင်းချပေးသွားမည်ဖြစ်ကြောင်း အဆိုပါဌာနမှ သိရှိရသည်။

ဓာတ်ပုံ - သက်သျှိုင်းသူ