News

POST TYPE

NEWS

အရေးပေါ်အခြေအနေတွင် HSE နံပါတ်မရှိသေးသည့် ကားများဖြင့်ဆွဲပေးမည်ဟု ကျောက်ဆည်လူမှုရေးအဖွဲ့များဆို
10-Oct-2018

မန္တလေး၊ အောက်တိုဘာ ၉

လူမှုရေးအသင်းအဖွဲ့များ အနေနှင့် HSE နံပါတ်မရှိသေးသည့် ကားများအသုံးမပြုရန် မန္တလေးတိုင်းမှတ်ပုံတင်ရေးအဖွဲ့က ညွှန်ကြားထားသော်လည်း အရေးပေါ်ကိစ္စရပ်များအတွက် ဆက်လက်ပြေးဆွဲပေးမည်ဖြစ်ကြောင်း ကျောက်ဆည်မြို့နယ်အတွင်းရှိ လူမှုကူညီရေး အသင်းအဖွဲ့အချို့မှ တာဝန်ရှိသူများက ပြောကြားသည်။

မန္တလေးတိုင်းမှတ်ပုံတင်ရေးအဖွဲ့က HSE နံပါတ် မရသေးသော မော်တော်ယာဉ်များအသုံးမပြုရန် ကျောက်ဆည်ခရိုင်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များထံ အကြောင်းကြားထားခြင်းနှင့် ပတ်သက်၍ ၎င်းတို့က ပြောဆိုခြင်းဖြစ်သည်။

ယင်းသို့ပြေးဆွဲခြင်းသည် အစိုးရကို မလေးမစားလုပ်ခြင်း၊ နိုင်ငံတော်ကို ထိခိုက်နစ်နာစေခြင်း၊ အစိုးရကို အခက်အခဲဖြစ်စေရန်ဟူသော စိတ်ဖြင့်ပြုလုပ်ခြင်းမဟုတ်ကြောင်း ကျောက်ဆည်မြို့နယ် သံရွာအုပ်စု အေးရွာမှ မေတ္တာရိပ်လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးသက်နိုင်က ပြောကြားသည်။

“ကျွန်တော်တို့အသင်းအနေနဲ့ အရေးပေါ်ကိစ္စမှန်သမျှ ဆွဲပေးမယ်။ အစိုးရမှာ လိုအပ်ချက်တွေရှိနေတယ်။ ရပ်ကျေးအဆင့် ကျန်းမာရေးဌာနတွေမှာ ကားမရှိဘူး။ တိုက်နယ်ဆေးရုံလို နေရာမျိုးတွေမှာလည်း အရေးပေါ်ကားမရှိဘူး။ ဆေးရုံကြီးလိုနေရာမျိုးမှာရှိပေမယ့် တစ်မြို့နယ်လုံးအနေနဲ့၊ တစ်ခရိုင်လုံးအနေနဲ့ မစွမ်းဆောင်နိုင်ဘူး။ ဒီလိုအပ်ချက်တွေကို ကျွန်တော်တို့ကဖြည့်ဆည်းပေးတာပါ။ ဘာပဲဖြစ်ဖြစ် အရေးပေါ်လူနာတွေရဲ့အသက်ကို ကျွန်တော်တို့ကယ်တင်ပေးရမယ်”ဟု ၎င်းက ပြောဆိုသည်။

HSE နံပါတ်မရရှိသေးသည့် ကားများအသုံးမပြုရန် ညွန်ကြားထားခြင်းနှင့် ပတ်သက်၍ ကျောက်ဆည်မြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့ ၂၀ ခန့်သည် အောက်တိုဘာလ ၉ ရက်နေ့က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးတွင် အစည်းအဝေးတစ်ရပ်ပြုလုပ်ခဲ့ပြီး HSE နံပါတ်များ ရရှိရေးအတွက် မှတ်ပုံတင်ရေးအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရန် အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းခဲ့သေးသည်။

“လူနာအတွက်ပဲကြည့်ရမှာပဲ။ နောက်ပိုင်းကဏ္ဍ နောက်ပိုင်းရှင်းရမှာပဲ။ အဖမ်းခံရရင်လည်း ဥပဒေကြောင်းအရ ရှင်းရမှာပဲ။ လူနာတွေအတွက် လုပ်ရမှာပဲ”ဟု ကျောက်ဆည်မြို့နယ် မုတ်ဘောင်းကျေးရွာမှ ပေါင်းစည်းမေတ္တာလူငယ် ပရဟိတအသင်းဥက္ကဋ္ဌ ဦးအောင်သန်းဝင်းက ပြောကြားသည်။

လူမှုရေးအသင်းအဖွဲ့များတွင် လိုင်စင်မဲ့ မော်တော်ယာဉ်များမောင်းနှင်ပါက ဥပဒေအရအရေးယူမည်ဟု ညွန်ကြားချက်ထွက်ပြီးနောက် မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့မှ လူမှုရေးအသင်းအချို့ ပြေးဆွဲမှုရပ်ဆိုင်းခဲ့ရသည်။  

M-05