News

POST TYPE

NEWS

မိတ္ထီလာတွင် ရှေးဟောင်းတဝဂူဘုရား ဆင်းတုတော်ဦးခေါင်း အခိုးခံရ
09-Oct-2018

မိတ္ထီလာ၊ အောက်တိုဘာ ၈

မိတ္ထီလာမြို့နယ် မွေကျေးရွာ၏ မြောက်ဘက်တွင်ရှိသော ရှေးဟောင်း မြောက်မျက်နှာတဝဂူဘုရားမှ ကျောက်ဆင်းတုတော်၏ဦးခေါင်း အောက်တိုဘာလ ၆ ရက်နေ့ ညက အခိုးခံခဲ့ရကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးရုံးနှင့် ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

“မနေ့က (အောက်တိုဘာ ၇) မနက်ကိုးနာရီခွဲလောက်မှာ ရွာကတူဝရီး နှစ်ယောက်က ဂြိုဟ်ပြေနံပြေဘုရားပန်း လာကပ်ရင်း ဘုရားခေါင်းမရှိတော့တာကို သတိထားမိပြီး ကျွန်တော့်ကို လာပြောပါတယ်”ဟု အဆိုပါရွာမှ ရာအိမ်မှူး ဦးအောင်မြင့်က ပြောကြားသည်။ 

မြောက်အရပ်သို့ မျက်နှာမူထားသည့် တဝဂူဘုရားမှာ မွေကျေးရွာ၏ မြောက်ဘက် သုံးဖာလုံအကွာတွင် သီးခြားရှိနေပြီး မြန်မာသက္ကရာဇ် ၄၁၆ ခုနှစ်တွင် အနော်ရထာမင်းတည်ထားခဲ့သည်ဟု ဘုရားကျောက်စာအရ သိရကြောင်း၊ ယခု ဦးခေါင်းဖြုတ်၍ အခိုးခံရသော ကျောက်ဆင်းတုတော်မှာမူ နှောင်းခေတ် ဆင်းတုတော်ဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်း ၆၀ ခန့်တွင် မန္တလေးမြို့မှ ပင့်ဆောင်လာခြင်းဖြစ်ကြောင်း၊ ဆင်းတုတော်ဦးခေါင်းဖြုတ် အခိုးခံရသော သတင်းကြောင့် ရွာခံများနှင့် ရဲတပ်ဖွဲ့ဝင်များ တောနင်း၍ရှာဖွေခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ဇောက ပြောဆိုသည်။ 

“ဘုရားခိုးတဲ့သူဟာ အကုသိုလ် ကျူးလွန်ပြီးဖြစ်လို့ သူ့အပြစ်နဲ့သူခံရမှာပါ။ ထပ်ပြီး အကုသိုလ်မပွားတော့အောင် အမှုမဖွင့်တော့ဘူးလို့ တစ်ရွာလုံးက ကိုးကွယ်တဲ့ သက်တော်ရှစ်ဆယ်အရွယ် ဆရာတော်ကြီးက မိန့်ထားတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။ 

မွေကျေးရွာရှိ မြောက်မျက်နှာ တဝဂူဘုရား ဆွမ်းလောင်းလှူပွဲကို နှစ်စဉ် ဝါဆိုလဆန်း ၈ ရက်နှင့် သီတင်းကျွတ်လဆန်း ၈ ရက်နေ့တို့တွင် ကျင်းပလေ့ရှိကြောင်း၊ မကြာမီရောက်ရှိလာမည့် ဆွမ်းလောင်းပွဲအမီ ဆင်းတုတော် အသစ်တစ်ဆူ ပင့်ဆောင်ရန် ဘုရားအလှူရှင်နှင့် ကျေးရွာလူထုက စီစဉ်နေကြောင်းလည်း ဦးကျော်ဇောက ရှင်းပြသည်။ 

လွန်ခဲ့သည့် ခြောက်နှစ်ဝန်းကျင် အချိန်ကလည်း မွေကျေးရွာအနီးရှိ ကတ္တူကန်သိမ်နှင့် ကွေ့ကြီးကျေးရွာ ဘုန်းကြီးကျောင်းနှင့် သီးကုန်းကျေးရွာဘုန်းကြီး ကျောင်းတို့မှ ဆင်းတုတော်များ ဦးခေါင်းဖြုတ် အခိုးခံရဖူးသည်။

R-01