News

POST TYPE

NEWS

သိမ်းဆည်းမြေယာများ ကာလပေါက်ဈေးအတိုင်း လျော်ကြေးပေးရန် ပြည်တွင် ဆန္ဒပြ
08-Oct-2018


ပြည်၊ အောက်တိုဘာ ၈

ဂေါက်ကွင်းအဖြစ် သိမ်းဆည်းထားသည့်မြေများအတွက် လျော်ကြေးငွေကို ကာလပေါက်ဈေးအတိုင်း ပေးလျော်ပေးရေး ဒေသခံများစုပေါင်း၍ အောက်တိုဘာလ ၈ ရက်နေ့က ပြည်မြို့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဒေသခံတောင်သူ ဦးမြင့်ထူးက ပြောကြားသည်။

ယင်းနေ့ နံနက် ၁၀ နာရီခန့်က ပြည်ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့တွင် လူ ၂၀ ကျော်က မြေယာလျော်ကြေး ကာလပေါက်ဈေးအတိုင်း ပေးလျော်ရန်နှင့် ဥပဒေအကာကွယ်ပေးရန် ရေးသားထားသည့် ဗီနိုင်းပိုစတာကို ကိုင်ဆောင်ကာ ကြွေးကျော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့သည်။

၁၉၉၆-၉၇ ခုနှစ်တွင် သဲကုန်းမြို့နယ်အခြေစိုက် တပ်မ (၆၆) က ထမ္မကောက်၊ တီတွတ်၊ စံပြ ကျေးရွာသုံးရွာမှ တောင်သူ ၁၉ ဦး ပိုင်ဆိုင်သော လယ်မြေ၊ ယာမြေနှင့်၊ အိမ်ခြံမြေစုစုပေါင်း ဧက ၇၅ ဒသမ ၄၀ ဧကကို သိမ်းယူခဲ့ခြင်းဖြစ်ပြီး ၁၉၉၈ ခုနှစ်ခန့်မှစ၍ အဆိုပါမြေများကို ပြုပြင်ကာ သီရိခေတ္တရာဂေါက်ကွင်းအဖြစ် အကောင်အထည်ဖော်ခဲ့ရာ ယခင်စစ်အစိုးရလက်ထက်မှ ခတ်အဆက်ဆက် စစ်တပ်အရာရှိများ၊ ပြည်ဒေသ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဒေသစီးပွားရေးလုပ်ငန်းရှင်အချို့မှ အပန်းဖြေဂေါက်ရိုက်ရာနေရာအဖြစ် အသုံးပြုခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းကြောင့် ၂၀၁၂ ခုနှစ်မှစတင်ကာ အစိုးရအဆက်ဆက်သို့ တင်ပြတိုင်ကြားသော်လည်း မည်သူမျှ တာဝန်ယူမှုမရှိကြောင်း၊ မူလတောင်သူများမှာ စားဝတ်နေရေးအခက်အခဲများ၊ သားသမီးများပညာရေးအခက်အခဲများ ကြုံတွေ့ခဲ့ရကြောင်း၊ သိမ်းဆည်းခံရသည်မှာ နှစ် နှစ်ဆယ်ကျော်နေပြီး လျော်ကြေးမပေးခဲ့သဖြင့် လက်ရှိ ကာလပေါက်ဈေးဖြင့် ပေးလျော်စေလိုကြောင်း ဒေသခံတောင်သူ ဦးမြင့်ထူးက ပြောကြားသည်။

“ကျွန်တော်တို့ ဒီကိစ္စကို တိုင်းအဆင့်ကိုတင်ပြထားတယ်။ ပြန်မကျသေးလို့ပါ။ ပြန်ကျပြီးရင် အဆင်အပြေဆုံး လုပ်ဆောင်သွားမှာပါ”ဟု ပြည်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး ပြည်ခရိုင် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ပြည်ခရိုင်ထွေအုပ် လက်ထောက်ညွှန်ကြားရေးမှူး ဦးဇေယျမင်းက ပြောဆိုသည်။

အဆိုပါမြေများ ပြန်လည်ရရှိရန်အတွက် ယခင်သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှစတင်ကာ နိုင်ငံတော်သမ္မတအပါအဝင် သက်ဆိုင်ရာ ဌာနအသီးသီးသို့ တိုင်ကြားစာများပေးပို့ခြင်း၊ မြေများပြန်လည်ရရှိရေး ဆန္ဒဖော်ထုတ်ခြင်းများကို စဉ်ဆက်မပြတ်ပြုလုပ်ခဲ့သော်လည်း အကြောင်းထူးခြင်းမရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့်၂၀၁၇ ခုနှစ် စက်တင်ဘာလက တီတွတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပဲခူးတိုင်းဝန်ကြီးချုပ်နှင့် သိမ်းဆည်းခံတောင်သူများတွေ့ဆုံချိန်တွင် အဆိုပါမြေများကို လျော်ကြေး ပြန်လည်ပေးအပ်မည့်အကြောင်း ပြောဆိုခဲ့ပြီး လွန်ခဲ့သည့် ၂၀၁၈ ဩဂုတ်လ ပထမပတ်ကလည်း ပဲခူးတိုင်းဝန်ကြီးချုပ် ပြည်မြို့သို့လာရောက်စဉ် အဆိုပါသိမ်းဆည်းမြေများမှာ တိုင်းဒေသကြီး အစိုးရလက်အောက် လန ၃၉ ကျပြီးသား မြေအမျိုးအစားဖြစ်၍ တိုင်းဒေသကြီးအစိုးရက စီမံခန့်ခွဲ၍ ရသည့်အတွက်ကြောင့် ဆောင်ရွက်ပေးရန် လွှတ်တော်ကိုယ်စားလှယ်က တင်ပြခဲ့ရာ ဝန်ကြီးချုပ်က လာမည့် စည်ပင်ဘတ်ဂျက်တွင် ပေးနိုင်ရန် ပြောဆိုခဲ့ဖူးကြောင်း ဒေသခံများထံမှ သိရသည်။

M-06





  • VIA