News

POST TYPE

NEWS

မြန်မာ့လက်ဖက်ခြောက်ဝယ်ယူရန် တရုတ်ကမ်းလှမ်း
08-Oct-2018



ရန်ကုန်၊ အောက်တိုဘာ ၇

တရုတ်နိုင်ငံ၊ နန်နင်းမြို့တွင်ကျင်းပသည့် တရုတ်အာဆီယံ ကုန်စည်ပြပွဲ ၂၀၁၈ တွင် မြန်မာနိုင်ငံ သစ်သီးဝလံအသင်းက သွားရောက်ပြသရာ လက်ဖက်ခြောက်တန်ချိန် ၅ တန်ဝယ်ယူရန် တရုတ်က ကမ်းလှမ်းထားကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းထံမှ သိရသည်။

အဆိုပါပြပွဲတွင် သစ်သီးဝလံအသင်းက ထောပတ်သီးပြခန်း၊ လက်ဖက်ပြခန်းများဖြင့် ပါဝင်ပြသခဲ့ရာ လက်ဖက်ခြောက် တန်ချိန် ၅ တန်ကို တရုတ်နိုင်ငံ၊ ဖူကျန့် ပြည်နယ်က ဝယ်ယူရန်ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး တရားဝင်တင်ပို့ရောင်းချနိုင်ရန်အတွက် ကူညီဆောင်ရွက်ပေးရန် အစိုးရထံ တင်ပြထားကြောင်း ယင်းအသင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာမြင့်စိန်က ပြောကြားသည်။

လက်ဖက်ခြောက်တန်ချိန် ၅ တန် အပါအဝင် ကယန်းငရုတ်တောင့်ခြောက်ကိုပါ တစ်ပါတည်း ဝယ်ယူလိုသော်လည်း တရုတ်နိုင်ငံ၊ ကုန်ပစ္စည်းအရည်အသွေး စစ်ဆေးရေးနှင့် ကွပ်ကဲရေးဝန်ကြီးဌာန (AQSIQ) စာရင်းတွင် မပါဝင်သောကြောင့် တရားဝင်တင်ပို့ရောင်းချရန် အခက်အခဲကြုံတွေ့နေရသောကြောင့် နှစ်နိုင်ငံအစိုးရချင်း ညှိနှိုင်းဆောင်ရွက်ပေးရန် တင်ပြထားကြောင်း ၎င်းကပြော ဆိုသည်။

သီးနှံစုံ ဝယ်လိုအားတိုးတက်စေရန်အတွက် အရည်အသွေးပြည့်မီသည့် သီးနှံများ တစုတစည်းတည်း ထွက်ရှိစေရန် သီးနှံတစ်ခုချင်းအလိုက် ဇုန်များကို ဒေသအလိုက် သတ်မှတ်စီစဉ်ပေးရန် ထည့်သွင်းတင်ပြထားကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းထံမှ သိရသည်။

မြန်မာ့သစ်သီးဝလံငါးမျိုးဖြစ်သည့် ထောပတ်သီး၊ ငှက်ပျောသီး၊ ဝဥ၊ ကျွဲကောသီးနှင့် ဖာလာစေ့တို့ကို တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့ရောင်းချနိုင်ရန်နှင့် AQSIQ စာရင်းတွင် ပါဝင်နိုင်ရန်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက တရုတ်အစိုးရထံ စာပို့ထားကြောင်း ယင်းအသင်းထံမှ သိရသည်။

J-11