News

POST TYPE

NEWS

စက်သုံးဆီဈေးမြင့်၍ ချင်းတွင်းမြစ်သွား ရေယာဉ်စီးနင်းခများ ဈေးတက်
07-Oct-2018

ကလေး၊ အောက်တိုဘာ ၆ 

စက်သုံးဆီဈေးနှုန်းများ မြင့်တက်နေသဖြင့် စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှအထက် ခန္တီးမြို့သို့ ချင်းတွင်းမြစ်ကြောင်းအတိုင်း ပြေးဆွဲနေသည့် ရေယာဉ်များမှာ ခရီးသည် တင်နှုန်းခများ တိုးမြှင့်သတ်မှတ်ထားကြောင်း ချင်းတွင်းမြစ်အတွင်းသွား ခရီးသည်တင်ယာဉ်လိုင်းများ၏ ဂိတ်ပိုင်များထံမှ စုံစမ်းသိရှိရသည်။ 

ယခင်က စက်သုံးဆီဈေးမှာ တစ်သိန်းတစ်သောင်းဝန်းကျင်သာရှိခဲ့ရာ ယခုအခါ ၂ သိန်းကျော်အထိ ဈေးမြင့်တက်ခဲ့သည့်အတွက် အခက်အခဲရှိကြောင်း၊ ယင်းကြောင့် ခရီးသည်ဈေးနှုန်းတက်လိုသည်ဟု အောက်တိုဘာလ ၄ ရက်နေ့တွင် ခရီးသည်တင်ရေယာဉ်လိုင်းများက မြန်မာ့ကမ်းရိုးတန်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းကြီးကြပ်ရေး အဖွဲ့ထံ စာတင်ခဲ့ပြီးနောက် အောက်တိုဘာလ ၆ရက်နေ့မှစ၍ ဈေးနှုန်းတိုးမြှင့် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း MGRG ယာဉ်လိုင်းတာဝန်ခံ ဦးစိုးမင်းထွဋ်က ပြောကြားသည်။ 

“ရေယာဉ်တွေဆိုတာက ကားလို မဟုတ်ဘူး။ ခန္တီးတစ်ခေါက်ဆိုရင် ဆီဖိုးအရင်းကိုက သိန်းသုံးဆယ်ကျော်တယ်။ ခရီးသည်ကလည်း အစိုးရသတ်မှတ်ပေးထားတဲ့ သတ်မှတ်နှုန်းအတိုင်းပဲ တင်ရတော့ မကိုက်တော့ဘူး”ဟု ၎င်းက ပြောဆိုသည်။

မုံရွာ-ခန္တီး ရေယာဉ်စီးခနှုန်းထားသည် ယခင်က လူတစ်ဦးလျှင် ကျပ်နှစ်သောင်းသတ်မှတ်ထားရာမှ ယခုအခါနှစ် သောင်းသုံးထောင်ကျပ်အဖြစ် တိုးမြှင့်သတ်မှတ်ကြောင်း မုံရွာမြို့မှ မော်လိုက်မြို့အထိ မူလထက်တစ်ထောင်ကျပ် တိုးမြှင့်သတ်မှတ်ပြီး မုံရွာမြို့မှ ဖောင်းပြင်မြို့အထိ ဆိုပါက မူလထက် နှစ်ထောင်ကျပ် တိုးမြှင့်သတ်မှတ်လိုက်ခြင်းဖြစ်သည်။

ဈေးနှုန်းတိုးမြှင့် သတ်မှတ်ကောက်ခံခြင်းသည် စက်သုံးဆီဈေးနှုန်းမြင့်တက်နေသည့် အချိန်တွင်ဖြစ်ပြီး စက်သုံးဆီဈေးနှုန်းပြန်ကျပါက ပြန်လည် လျှော့ချကောက်ခံမည်ဖြစ်ကြောင်း ခရီးသည်တင် ရေယာဉ်လိုင်းတာဝန်ခံများက ပြောကြားသည်။

“ရေယာဉ်နှုန်းခတွေ မြင့်တက်လာတော့ သယ်ယူစရိတ်တွေ တက်လာမယ်။ သယ်ယူစရိတ်တွေ တက်လာရင် ကုန်ဈေးနှုန်းတွေ တက်လာမယ်။ ကျွန်တော်တို့ ဒေသလို ဝေးလံခေါင်းပါးတဲ့ ဒေသနေ အခြေခံလူတန်းစားတွေရဲ့ စားဝတ်နေရေးကတော့ ပိုပြီးတော့ ခက်သွားတော့မှာ”ဟု ခန္တီးမြို့နေ ဦးအောင်ဆန်းမြင့်က ပြောဆိုသည်။ 

ချင်းတွင်းမြစ်အတွင်း မုံရွာမြို့မှ အထက်ပြေးဆွဲသည့် ပုဂ္ဂလိကပိုင်ရေယာဉ်များအနေနှင့် ခရီးသည်တင်ရေယာဉ် အသင်း ၁၀ သင်းမှ ရေယာဉ်အစင်းရေ ၁၃၀ စင်း၊ ကုန်တင်ရေယာဉ်အသင်း စုစုပေါင်း ၁၈ သင်းမှ ရေယာဉ်အစင်းရေ ၅၅၅ စင်းရှိကြောင်း ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲရေးကြီးကြပ်မှု ကော်မတီထံမှ သိရသည်။ 

R-20