News

POST TYPE

NEWS

ကုန်သေတ္တာယာဉ်နှင့်ကုန်တင်ယာဉ်များ သတ်မှတ်ချိန်မဟုတ်ဘဲ မောင်းနှင်ပါက အရေးယူမည်
07-Oct-2018
ရန်ကုန်၊ အောက်တိုဘာ ၆

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော ကုန်သေတ္တာတင်ယာဉ်နှင့် ကုန်တင်ယာဉ်ကြီးများ သတ်မှတ်ချိန်မဟုတ်ဘဲ မောင်းနှင်ပါက မော်တော်ယာဉ်ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။

“သတ်မှတ်ချိန်မဟုတ်ဘဲ မောင်းနှင်သွားလာရင် ဥပဒေအရ ထိရောက်စွာ အရေးယူမယ်။ ယာဉ်ကြောပိတ်ဆို့မှု မဖြစ်စေရေးအတွက် ကုန်သေတ္တာတင်ယာဉ်အသင်းက တာဝန်ရှိသူနဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့ ပေါင်းစပ်ညှိနှိုင်းပြီးတော့ ဆောင်ရွက်နေပါတယ်” ဟု ဝန်ကြီးဒေါ်နီလာ ကျော်က ဆိုသည်။

ရန်ကုန်တိုင်းလွှတ်တော်၌ အောက်တိုဘာလ ၄ ရက်က တင်ပြခဲ့သော အင်းစိန်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်၏ “ရန်ကုန်တိုင်းအတွင်း ပြေးဆွဲသွားလာနေသည့် ကုန်တင်ယာဉ်များ၊ တွဲကားများ၊ ကွန်တိန်နာကားများ မောင်းနှင်ပြေးဆွဲခြင်းကို အများပြည်သူလူထု အနှောင့်အယှက်မရှိစေ၊ မဖြစ်စေနိုင်မယ့် သင့်တော်တဲ့အချိန်ကာလတစ်ခု အမြန်ဆုံး သတ်မှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်ပတ်သက်၍ ၎င်းက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ကုန်တင်ယာဉ်၊ တွဲကား၊ ကွန်တိန်နာယာဉ်တွေဟာ မူလထုတ်ပြန်ချိန်ထက် အချိန်စောပြီးတော့ ဆွဲနေတာ တွေ့ရတယ်။ အခုဆို တစ်နေကုန်၊ အတားအဆီးမရှိ အရေးယူဆောင်ရွက်မှုမရှိ စိတ်ကြိုက်ပြေးဆွဲနေတော့ ယာဉ်ကြောကျပ်တည်းမှုတွေ အမြဲဖြစ်နေတယ်” ဟု အင်းစိန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က မှတ်ချက်ပြုသည်။

၂၀၁၈ ခုနှစ် မေလ ၂၅ ရက်က ကျင်းပသည့် ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်အရ ကုန်သေတ္တာယာဉ်နှင့် ကုန်တင်ယာဉ်များအား ဘုရင့်နောင်လမ်းနှင့် ကမ်းနားလမ်းများတွင် အဆင်ပြေချောမွေ့စွာသွားလာနိုင်ရေးအတွက် ဘုရင့်နောင်လမ်းနှင့် ပုလဲလမ်းဆုံမှ မြို့တွင်းကုန်သေတ္တာယာဉ်ဝင်းများသို့ နံနက် ၁၁ နာရီမှ ယာဉ်တန်းဖြင့် စတင်ထွက်ခွာပြီး မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ် နောက်ဆုံးထွက်ခွာရန်နှင့်ကမ်းနား ကွန်ကရစ်လမ်း၊ ဟုန်းလမ်းထိပ်မှ မွန်းလွဲ ၁ နာရီယာဉ်တန်းဖြင့် ထွက်ခွာပြီး မွန်းလွဲ ၂ နာရီ နောက်ဆုံးထွက်ခွာရန်ဖြစ်ကြောင်း၊ သတ်မှတ်ချိန်မဟုတ်ဘဲ မောင်းနှင်သွားလာပါက မော်တော်ယာဉ်ဥပဒေအရ ထိရောက်စွာအရေးယူဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးက ပြောကြားသည်။

J-17