News

POST TYPE

NEWS

ဆင်မုဆိုးများတွေ့ရှိပါက အကြောင်းကြားရန် သစ်တောရဲတပ်ဖွဲ့တိုက်တွန်း
06-Oct-2018

ပုံစာ - ဆင်မုဆိုးများ တွေ့ရှိပါက အကြောင်းကြားရန် WWF အဖွဲ့မှ တာဝန်ရှိသူများ ဟောပြောနေစဉ်။
တိုက်ကြီး၊ အောက်တိုဘာ ၆ 

တိုက်ကြီးမြို့နယ်အတွင်း ဆင်သတ်မုဆိုးများကိုတွေ့ရှိပါက အကြောင်းကြားရန် တောဆင်ရိုင်းအများဆုံး ဝင်ရောက်လေ့ရှိသည့် ဖလုံဘူတာကျေးရွာအုပ်စု ကွမ်းသီးမြောင်ကျေးရွာမှ ဒေသခံများကို မြို့နယ် သစ်တောဦးစီးဌာနနှင့် မြောက်ပိုင်းခရိုင် သစ်တောရဲတပ်ဖွဲ့တို့က တိုက်တွန်းပြောကြားခဲ့သည်။

ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များထိန်းသိမ်းရေး ရန်ပုံငွေအဖွဲ့ WWF.T(The World Wide For Nature) အဖွဲ့က ဦးဆောင်ကျင်းပသည့် တောရိုင်းတိရစ္ဆာန်များ ကာကွယ်ရေး ဥပဒေနှင့်ပတ်သက်သော ဟောပြောပွဲကို အောက်တိုဘာ ၅ ရက်နေ့ကပြုလုပ်ခဲ့ရာ၌ တိုက်တွန်းခဲ့ခြင်းဖြစ်ကြောင်း မြောက်ပိုင်းခရိုင် သစ်တောရဲတပ်ဖွဲ့မှ ရဲအုပ်ထွန်းထွန်းဝင်းအေးက ပြောကြားသည်။

တောဆင်ရိုင်းများနှင့် ထိပ်တိုက်တွေ့ပါက ရှောင်ရှားရမည့်နည်းများ၊ လယ်၊ ကိုင်း စိုက်ခင်းများတွင်နေထိုင်သော တောင်သူများအနေနှင့် တောဆင်များ ဝင်မလာစေရန် မှန်များ၊ ဗီစီပြားများ ချိတ်ဆွဲထားရန်နှင့် ညအချိန်များတွင် လင့်စင်များပေါ်တွင်အိပ်ရန်၊ ဆင်မုဆိုးများတွေ့ရှိပါက သက်ဆိုင်ရာဌာနများကို ဆက်သွယ်ပေးရန် ပညာပေး ဟောပြောခဲ့ကြောင်း ၎င်းကရှင်းပြသည်။

သစ်တာဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံအတွင်း၌ မျိုးသုဉ်းတော့မည့် အန္တရယ်နှင့် ရင်ဆိုင်နေရသော တောရိုင်းတိရစ္ဆာန်များတွင် တောဆင်ရိုင်းများပါဝင်နေကြောင်း၊ ၂၀၁၈ ခုနှစ်တွင် အသစ်ထုတ်ပြန်ခဲ့သည့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနယ်မြေများ စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၄၁ အရ လုံးဝ ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များကို သတ်ဖြတ်ခြင်း၊ အမဲလိုက်ခြင်း၊ အနာတရဖြစ်စေခြင်း စုဆောင်းခြင်း၊ တစ်နည်းနည်းဖြင့်လွဲပြောင်းခြင်း ယင်းတိရစ္ဆာန်များ၏ အစိတ်အပိုင်းများကိုဖြစ်စေ သွေးရည်များကိုဖြစ်စေ၊ ဆင့်ပွား ထုတ်လုပ်ထားသော ပစ္စည်းများကိုဖြစ်စေ ခွင့်ပြုချက်မရှိဘဲ လက်ဝယ်ထားရှိခြင်း သယ်ဆောင်ခြင်းပြုလုပ်ပါက အနည်းဆုံး ထောင်ဒဏ်သုံးနှစ်မှ အများဆုံး ၁၀ နှစ်အထိ ချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။

ယခင်က အာရှတိုက်တွင် ဆင်များကို ပေါများစွာ တွေ့ရမည်ဖြစ်သော်လည်း လွန်ခဲသည့် ရာစုနှစ်တစ်ခုအတွင်း ဆင်ကောင်ရေ ထက်ဝက်ကျော် ဆုံရှုံးခဲ့ရသည့်အတွက် ၁၉၈၆ ခုနှစ်မှစတင်ကာ မျိုးသုဉ်းပျောက်ကွယ်တော့မည် တောရိုင်းတိရစ္ဆာန်စာရင်းတွင် ထည့်သွင်းခဲ့ကြောင်း၊ ၂၀ ရာစုအစောပိုင်းကာလက အာရှဒေသ၌ တောဆင်ရိုင်း အကောင်ရေ တစ်သိန်းကျော်ရှိခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ဆင်ကောင်ရေ လေးသောင်းခန့်သာ ရှိတော့ကြောင်း၊ ယင်းတို့အနက် မြန်မာနိုင်ငံတွင် တောဆင်ရိုင်းကောင်ရေ ၁၄၀ဝ ကျော်သာ ရှိတော့ကြောင်း WWF အဖွဲ့မှ မြန်မာနိုင်ငံတာဝန်ခံ ဦးခင်မောင်ကြီးက ပြောကြားသည်။

R-19