News

POST TYPE

NEWS

ကောင်းမှုတော်စေတီကို အဖြူရောင်ဆေးသင်္ကန်း ပြန်ကပ်မည်
06-Oct-2018


ပုံစာ - ကျပ်သိန်းသုံးထောင်ခန့်အကုန်အကျခံကာ အဖြူရောင်ဆေးသင်္ကန်းကပ်လှူမည့် ကောင်းမှုတော်စေတီတော်ကိုတွေ့ရစဉ်။ 
မန္တလေး အောက်တိုဘာ ၆ 

စစ်ကိုင်းမြို့ရှိ ရာဇမဏိစူဋာကောင်းမှုတော်စေတီကို နိုဝင်ဘာလကစတင်ကာ အဖြူရောင်ဆေးသင်္ကန်း ပြန်လည် ကပ်လှူမည်ဖြစ်ကြောင်း ကောင်းမှုတော်ဘုရားဂေါပကအဖွဲ့က ပြောကြားသည်။

အောက်တိုဘာလတွင် သီတင်ကျွတ်ပွဲတော်၊ နိုဝင်ဘာလတွင် တန်ဆောင်တိုင်ပွဲတော်များ ရှိနေသဖြင့် တန်ဆောင်တိုင်ပွဲတော်ပြီးမှသာ အဖြူရောင်ဆေးဖြင့် ပြန်လည် ကပ်လှူပှုဇော်မည်ဖြစ်ကြောင်း ကောင်းမှုတော်ဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးတင်မျိုးလွင်ကပြောဆိုသည်။

“ဒီနေ့(အောက်တိုဘာ ၆) မှာ သီတဂူဆရာတော်ဘုရာကြီးက ရန်ကုန်မြို့မှာရှိတဲ့ သီတဂူအင်ဂျင်နီယာအဖွဲ့ကို ခေါ်လာတယ်။ ဒီအဖွဲ့မှာ သုတ်ဆေးပညာရှင်တွေ ပုခက်ပညာရှင်တွေ၊ ဘုရားနဲ့သက်ဆိုင်တဲ့ ပညာရှင်တွေ ပါလာတယ်။ ဒီမှာ အင်္ဂတေ အကျိုးအပဲ့တွေကိုကြည့်ပြီး ဆုံးဖြတ်ချက်ချလိုက်တာက Cleaning (သန့်ရှင်းရေး) အရင်လုပ်မယ်။ ပြီးရင် ခံဆေးသုတ်မယ်။ ခံဆေးသုတ်လိုက်ရင် ပတ်ကြားအက်တွေကြားထဲ ဒီဆေးဝင်သွားရင် အက်ကြောင်းတွေ ပိတ်သွားမယ်။ ပြီးရင် အီတလီကလာတဲ့ ဆေးဖြူရောင် သုတ်မယ်။ ဒီဆေးက လေဝင် လေထွက် ရှိတယ်၊ ရေခိုရေးငွေ့တွေကို ထိန်းပေးတယ်။ ဖောင်းကြွခြင်းမရှိဘူး”ဟု ဦးတင်မျိုးလွင်ကရှင်းပြသည်။

သီတဂူဆရာတော်ကြီးက ထုံးသင်္ကန်ကဲ့သို့ဖြူဖွေးသော အဆင့်မြင့် အဖြူရောင် ဆေးသင်္ကန်းသုတ်ရန် လမ်းညွှန်ခဲ့ကြောင်း၊ ကောင်းမှုတော်ဘုရားကို အီတလီနိုင်ငံထုတ် အဖြူရောင်ဆေးများဖြင့် ကပ်လှူပှုဇော်သွားမည်ဖြစ်ကာ ဘုရားကြီးရှိ ညောင်ရမ်းခေတ်လက်ရာမဟုတ်သော ဘုရားများ၊ ညောင်ရွက်ပုံစံများကိုပါ ညောင်ရမ်းခေတ်လက်ရာအတိုင်း ပြန်လည်ပြုလုပ်ရန် ဩဝါဒပေးခဲ့ကြောင်း ကောင်းမှုတော်ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

ခေတ်အဆက်ဆက် ထုံးသင်္ကန်းသာ ကပ်လှူခဲ့သော ကောင်းမှုတော်စေတီကို တပ်မတော်အစိုးရလက်ထက် ၂၀၁၀ ပြည့်နှစ်ကုန်ပိုင်းက စတင်ကာ ကျပ်သိန်းပေါင်း ၃၅၄၀ အကုန်အကျခံ၍ ရွှေသင်္ကန်း ကပ်လှူခဲ့သည်ဟု ဘုရားဂေါပကမှတ်တမ်းများအရ သိရသည်။

ကောင်းမှုတော်စေတီ၌ ကပ်လှူထားသော ရွှေဆေးများခွာခြင်း၊ အဖြူရောင်ပြန်လည်ကပ်လှူဇော်ခြင်းလုပ်ငန်းများမှ အနည်းဆုံးအချိန် ခြောက်လခန့်ကြာမြင့်နိုင်ကြောင်း၊ အဖြူရောင်ဆေးပြန်ကပ်လှူပှုဇော်ခြင်းလုပ်ငန်းအတွက် ကျပ်သိန်း ၃၀၀၀ ခန့်ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း၊ အဖြူရောင်းဆေးပြန်လည်ကပ်လှူရန် စစ်ကိုင်းတိုင်းအစိုးရအဖွဲ့၏ ခွင့်ပြုချက်ရရှိထားပြီးဖြစ်ကြောင်း ကောင်းမှုတော်ဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးတင်မျိုးလွင်က ထပ်မံပြောဆိုသည်။

ရာဇမဏိစူဋာကောင်းမှုတော်စေတီကို သက္ကရာဇ် ၉၉၈ ခုနှစ်တွင် သီရိသုဓမ္မရာဇာ မဟာဓိပတိသာလွန်မင်းတရားကြီးက စတင်တည်ထားခဲ့ပြီး သက္ကရာဇ် ၁၀၁၂ ခုနှစ်တွင်ပြီးစီးခဲ့ကြောင်း ဘုရားသမိုင်းတွင် ဖော်ပြထားသည်။

M-05