News

POST TYPE

NEWS

မွန်တွင် ယစ်မျိုးလိုင်စင်အသစ် ထပ်မပေး
05-Oct-2018

မော်လမြိုင်၊ အောက်တိုဘာ ၎

မွန်ပြည်နယ် ၁၀ မြို့နယ်အတွင်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ယစ်မျိုးလိုင်စင်နှင့်ပတ်သက်၍ လိုင်စင်အသစ် ထပ်မံချထားပေးမှုမရှိကြောင်း မွန်ပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။ 

“ဒီနှစ်မှာလည်း ကျွန်တော်တို့ လိုင်စင်ထပ်မတိုးပေးတော့ဘူး၊ အသစ်လျှောက်လို့မရဘူး၊ နေရာပြောင်းတာတို့ လိပ်စာပြောင်းတာတို့ပဲ လုပ်ပေးတယ်။ ဟိုတယ်နဲ့ခရီးသွားက လိုင်စင်ထုတ်ထားပေးတဲ့ ဟိုတယ်တွေကိုတော့ လုပ်ငန်းလိုအပ်ချက်အရ ချပေးပါတယ်၊ ဒါလည်းထပ်တိုးတာ မရှိဘူး။ အရေအတွက်က မနှစ်ကအတိုင်းပဲ”ဟု ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးမြင့်က ပြောကြားသည်။

မွန်ပြည်နယ်တစ်ခုလုံးတွင် ယစ်မျိုးလိုင်စင် ၁၉၇၂ ခုချထားပေးရာ ထိုအထဲတွင် သထုံခရိုင်၌ ၆၇၁ ခုနှင့် မော်လမြိုင်ခရိုင်တွင် ၁၃၀၁ ခုရှိကြောင်း၊ ထိုယစ်မျိုးလိုင်စင်အတွက် အခွန်ငွေကို ၆ လတစ်ကြိမ် ပေးသွင်းရကြောင်း၊ ပြန်အပ်ထားသည့်လိုင်စင်များကိုလည်း ထပ်မံထုတ်ပေးမည်မဟုတ်ကြောင်း ပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ စာရင်းများအရ သိရသည်။

“ယစ်မျိုးလိုင်စင်က ပြည်ထောင်စုဘဏ္ဍာထဲကို ဝင်တာမဟုတ်ဘူး။ ကျွန်တော်တို့ပြည်နယ် ထွေအုပ်ကနေပြီးတော့ ပြည်နယ်အတွက် ၁၆ ဒသမ ၈ ရာခိုင်နှုန်းဘဏ္ဍာ ငွေရှာပေးခဲ့ပါတယ်”ဟု ဦးစိုးမြင့်က ရှင်းပြသည်။

ယစ်မျိုးလိုင်စင်မှရရှိသည့် အခွန်ငွေများအနက်မှ ပြည်နယ်ဘဏ္ဍာငွေအဖြစ် ကျပ် ၄၅၀၃ သန်း ပေးသွင်းနိုင်ကြောင်း၊ ထွေ/အုပ်က ကောက်ခံခွင့်ရှိသည့် အခွန်လေးမျိုးကို ပြည်နယ်အစိုးရဘဏ္ဍာသို့ ပေးသွင်းရကြောင်း၊ အဆိုပါအခွန်လေးမျိုး ကျပ် ၁၁၅၈ သန်းရှိကြောင်း ၎င်းက ရှင်းပြသည်။

အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအနေနှင့် ကောက်ခံခွင့်ရှိသည့် အခွန်လေးမျိုးမှာ ယစ်မျိုးခွန်၊ မြေယာအခွန်၊ တာတမံခွန်နှင့် ဓာတ်သတ္တုပစ္စည်းများ ထုတ်ယူသည့်အတွက် ကောက်ခံသည့်အခွန်တို့ဖြစ်ကြောင်း မွန်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ ထပ်မံသိရသည်။

မွန်ပြည်နယ်တွင် ယစ်မျိုးလိုင်စင် ၁၃ မျိုးချထားပေးရာ (CS 2A) ချက်အရက်ဆိုင် လိုင်စင် (အရက်ဖြူဆိုင်) မှာ အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးမှာ FL 17 (နိုင်ငံခြားအရက်များ ဟိုတယ်နှင့် နားနေခန်း ဥပစာအတွင်းသောက်သုံးရန် ကောင်တာဖွင့်၍ လက်လီရောင်းချခွင့် လိုင်စင်) နှင့် တတိယအများဆုံးမှာ FL 12 (နိုင်ငံခြားအရက်များကို ကုန်စုံဆိုင်တွင် လက်လီလက်ကားရောင်းချခွင့်ရှိပြီး ဆိုင်ဥပစာအတွင်း သောက်သုံးခွင့်မရှိသည့် လိုင်စင်) တို့ဖြစ်ကြောင်းလည်း အထက်ပါဌာနထံမှ သိရသည်။ 

R-21