News

POST TYPE

NEWS

သက်ငယ်မုဒိမ်းမှုဖြင့် အလိုရှိနေသည့် ဘုန်းကြီးကို အထူးအဖွဲ့ဖြင့် ရှာဖွေနေဟု ရဲတပ်ဖွဲ့ပြော
04-Oct-2018


မူလတန်းကလေးများကို အဓမ္မပြုကျင့်ကြောင်း စွပ်စွဲခံထားရသည့်ရဟန်းကို ဖမ်းဆီးရမိခြင်း မရှိသေးသဖြင့် ကလေးအုပ်ထိန်းသူတို့ မကျေမနပ် ဖြစ်နေသည်

ရန်ကုန်၊ အောက်တိုဘာ ၄ 

အမျိုးသမီးငယ်လေးဦးကို အဓမ္မပြုကျင့်မှုဖြင့် ရဲက အလိုရှိနေသည့် ပုသိမ်မြို့၊ ရေသိုးကျေးရွာရှိ စိတ္တသုခဘုန်းကြီးကျောင်း ကျောင်းထိုင်ဆရာတော်ကို အထူးအဖွဲ့ဖြင့် ရှာဖွေနေကြောင်း ရဲကပြောသည်။

၅၆ နှစ်အရွယ် ဦးနန္ဒသီရိသည် သူ၏ကျောင်းတွင်နေထိုင်ပြီး ပညာသင်ကြားနေသည့် ၁၀ နှစ်မှ ၁၄ နှစ်အရွယ် ကျောင်းသူလေးဦးကို အဓမ္မပြုကျင့်သည်ဟု စွပ်စွဲခံရသည့် နှစ်ဆန်းပိုင်းကတည်းက လူမြင်ကွင်းမှ ပျောက်ကွယ်နေခြင်းဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး ထွန်းရွှေက အလိုရှိနေသူကို ဖမ်းမိရေး ဆောင်ရွက်နေသည်ဟုပြောသည်။

“စီမံချက်တွေချပြီး ဆောင်ရွက်နေတာမို့ မကြာခင် ဖမ်းဆီးနိုင်ပါလိမ့်မယ်”ဟု ဒုရဲမှူးကြီးက Myanmar Now ကို ပြောသည်။

အဆိုပါ မိန်းကလေးငယ်များသည် ဘုန်းတော်ကြီးကျောင်းနှင့် တစ်မိုင်ခန့်အကွာရှိ ရွာငယ်လေးများတွင် နေထိုင်ကြသူများဖြစ်သည်။
စာသင်ကျောင်းတည်ရှိရာ ရေသိုးကျေးရွာသို့ နေ့စဉ် လာရောက်ရန်အတွက် ဆိုင်ကယ်ကယ်ရီခ မတတ်နိုင်သည့်အတွက် ဦးနန္ဒသီရိ၏ကမ်းလှမ်းမှုဖြင့် စိတ္တသုခဘုန်းကြီးကျောင်းတွင် ထားရှိခဲ့ခြင်းဖြစ်ပြီး ၂၀၁၇-၂၀၁၈ စာသင်နှစ် တစ်နှစ်လုံး ပြုကျင့်ခံခဲ့ရသည်ဟု ကလေးငယ်များက ထွက်ဆိုထားသည်။

ကလေးလေးယောက်၏မိဘများက ဧပြီလ ၂၆ ရက်နေ့တွင် စတင်အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

တရားလိုတစ်ဦးဖြစ်သူ မသင်းသင်းက အမှုဖွင့်ပြီး ၅ လကျော်ကြာမြင့်ပြီ ဖြစ်သောကြောင့် ရဲတပ်ဖွဲ့ထံတွင် အမှုနှင့်ပတ်သက်ပြီး ထူးခြားမှု တစ်ခုခုရှိသင့်ပြီဟုပြောသည်။

“သူတို့ လုပ်နေတာတွေ လုံးဝ အားမရဘူး၊ မေးလိုက်တိုင်း မိတော့မယ် ပြောနေတာပဲ၊ တကယ် ခံလိုက်ရတာက ကျွန်မတို့လေ”ဟု မသင်းသင်းက ပြောသည်။

အမှုကို လိုက်ပါကူညီဆောင်ရွက်ပေးခဲ့သည့် ရေသိုးကျေးရွာမှ ကျေးရွာလူကြီး ဦးရွှေအေးကလည်း ရဲစခန်းသို့ အကြိမ်ကြိမ် သွားရောက်မေးမြန်းခဲ့သည်သူ ဖြစ်သည်။ 

“မမိသေးဘူးဆိုတော့ ဘာဆက်လုပ်ရမှန်းကို မသိတော့ဘူး”ဟု ဦးရွှေအေးက ပြောသည်။

စွပ်စွဲခံရသူ ဦးနန္ဒသီရိ (ခ) ဦးလူလေး (ခ) ဦးခင်မောင်ဦးကို မုဒိမ်းမှု ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ထားပြီး တရားခံပြေးအဖြစ် ကြေညာထားကာ ပုသိမ် အပါအ၀င် မြို့နယ် ၅ ခုခန့်တွင် ရဲတပ်ဖွဲ့က စုံစမ်းနေသည်ဟု သိရသည်။

အောင်ငြိမ်းချမ်း / Myanmar Now