News

POST TYPE

NEWS

အောင်ရဲထွေးအသတ်ခံရမှုရုပ်သိမ်းခဲ့မှုကို စတင်စစ်ဆေး
04-Oct-2018


ရန်ကုန်၊ အောက်တိုဘာ ၄ 

သရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရမှုအပေါ် အဂတိ လိုက်စားရုပ်သိမ်းခဲ့မှုဖြင့် ဖမ်းဆီးခံရသော တိုင်းဥပဒေချုပ် ဦးဟန်ထူး အပါအဝင် ၆ ဦးအမှုတွင် ရာထူးအငယ်ဆုံးဖြစ်သော အမှုစစ်ရဲအရာရှိကို ယနေ့ မွန်းလွဲပိုင်းက ရုံးထုတ်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရှိ ရုံးခန်းအမှတ် (၄) တွင် ယနေ့ မွန်းလွဲပိုင်းက ပြုလုပ်သောတရားခွင်၌ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ဦးမိုးနိုင်က လူသတ်မှုဖြင့် ဖမ်းဆီးခံရသူ သားကြီး (ခ) သန်းထွဋ်အောင် အပါအဝင် သုံးဦး၏အမှုမှ အမှုစစ်ရဲအုပ် ချစ်ကိုကိုမှာ ရဲလုပ်ငန်းစဉ် ကုန်စင်အောင် ဆောင်ရွက်ခဲ့ခြင်းမရှိခဲ့သလို သားကြီး၏ဖခင် ဦးခင်မောင်လေးထံမှ ကျပ်သိန်း ၃၀ ကို လေးကြိမ်ခွဲ၍ လာဘ်ငွေရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ အရ ရဲအုပ်ချစ်ကိုကိုအား အမှုဖွင့် အရေးယူပေးရန် သုဝဏ္ဏနယ်မြေ ရဲစခန်းတွင် တရားလိုပြုတိုင်ကြားခဲ့သည်စာကို သက်သေခံအဖြစ် ရုံးတော်သို့ တင်သွင်းခဲ့သည်။

သက်သေခံအဖြစ် တင်သွင်းလာသည့် တိုင်ကြားစာကို တရားစွဲဆိုခံရသူ ရဲအုပ်ချစ်ကိုကိုဘက်မှ တရားလွှတ်တော်ရှေ့နေ ဦးသန်းအောင်ကကန့်ကွက်ခဲ့ပြီး ယင်းအမှုမှာ စုံစမ်းစစ်ဆေးပြီးမှသာ အမှုရေးဖွင့်လာသည့်တိုင်ချက်ဖြစ်နေကြောင်း တရားသူကြီးထံ လျှောက်ထားတင်ပြခဲ့သလို တရားလို ဦးမိုးနိုင်ဘက်မှ နိုင်ငံတော်ဥပဒေအရာရှိက ယင်းအမှုကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ကိုင်တွယ်စစ်ဆေးခဲ့ရာတွင် အထူးဥပဒေအရ ဆောင်ရွက်ခြင်း၊ စသုံးလုံး ညွှန်ချုပ်ထံ စစ်ဆေးပေါ်ပေါက်ချက်များကို တင်ပြခဲ့ခြင်းနှင့် ကျန်ရှိနေသေးသည့် စစ်ဆေးပေါ်ပေါက်ချက် သက်သေခံ အထောက်အထားများကို ရုံးတော်သို့ သက်သေခံအဖြစ် တင်သွင်းဖို့ရှိနေကြောင်း တရားသူကြီးထံ လျှောက်ထားတင်ပြခဲ့သည်။

အဂတိအမှုဖြင့် တရားစွဲဆိုခံရသူ ရဲအုပ်ချစ်ကိုကို အမှုနှင့်ပတ်သက်ပြီး တရားလိုဘက်မှ ရုံးတော်သို့တင်သွင်းခဲ့သော တိုင်စာကို သက်သေခံအဖြစ် လက်ခံသင့် မသင့်အား လာမည့် အောက်တိုဘာလ ၁၂ ရက်နေ့တွင် နှစ်ဖက်လျှောက်လဲချက် ကြားနာမည်ဖြစ်ကာ ယင်းအမှုတွင် လာဘ်ငွေနှင့် တံစိုးလက်ဆောင်ရယူမှုဖြင့် တရားစွဲဆိုခံထားရသော ရန်ကုန်တိုင်း ဥပဒေချုပ်ဟောင်း ဦးဟန်ထူး အပါအဝင် ငါးဦး၏အမှုကို အောက်တိုဘာလ ၅ ရက် (မနက်ဖန်)တွင် စတင် စစ်ဆေးမည်ဖြစ်သည်။

S-03