News

POST TYPE

NEWS

အိမ်ထောင်ရေး ဖောက်ပြန်သူဟုစွပ်စွဲပြီး ခင်ပွန်းက ဓာတ်ဆီလောင်းမီးရှို့ခဲ့သူ အမျိုးသမီးသေဆုံး
04-Oct-2018

ရန်ကုန်၊ အောက်တိုဘာ ၃

မြောက်ဥက္ကလာပမြို့နယ်၊ မေဓာဝီဈေးရှေ့တွင် ကုန်စိမ်းရောင်းနေသူ အမျိုးသမီးတစ်ဦးမှာ အိမ်ထောင်ရေးဖောက်ပြန်သူဟု စွပ်စွဲခံရပြီး ၎င်း၏ခင်ပွန်းဖြစ်သူက ဓာတ်ဆီလောင်း မီးရှို့ခဲ့သည့် ဒဏ်ရာများကြောင့် အောက်တိုဘာလ ၂ ရက် နံနက်ပိုင်းက မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံတွင် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

သေဆုံးခဲ့သူ အသက် ၃၁ နှစ် အမျိုးသမီးမှာ စက်တင်ဘာလ ၂၄ ရက် ညနေပိုင်းက မေဓာဝီဈေးရှေ့တွင် ကုန်စိမ်းရောင်းနေစဉ် ၎င်း၏ခင်ပွန်းဖြစ်သူ အသက် ၃၂ နှစ် ထွန်းထွန်းဦးက ရောက်ရှိလာပြီးနောက် အခြားအမျိုးသားတစ်ဦးနှင့် အိမ်ထောင်ရေး ဖောက်ပြန်နေကြောင်း စွပ်စွဲပြောဆိုခဲ့သည်။

“အရက်မူးပြီး ဈေးထဲလိုက်လာသူက သူ့မိန်းမ အခြားယောက်ျား တစ်ယောက်နဲ့ ဖောက်ပြန်နေတယ်ဆိုပြီး လူမြင်ကွင်းမှာ စွပ်စွဲပြောဆိုတယ်။ ပြီးတော့ သူ့မှာပါလာတဲ့ ဓာတ်ဆီဘူးထုတ်ပြီး သူ့မိန်းမပေါ် လောင်းချမီးရှို့ခဲ့တာ။ အမျိုးသမီးက ခြေတွေ၊ လက်တွေနဲ့ ရင်ဘတ်တွေမှာ မီးလောင်ဒဏ်ရာတွေ ရခဲ့ပြီး ဆေးရုံ တင်ပို့ကုသခဲ့ရာက ရှစ်ရက်မြောက်နေ့မှာပဲ ဆုံးသွားရှာတယ်”ဟု ရဲအရာရှိက ရှင်းပြသည်။

ဇနီးဖြစ်သူကို ဓာတ်ဆီလောင်း မီးရှို့ခဲ့သူ ထွန်းထွန်းဦးကို အခင်းဖြစ်နေ့မှာပင် ဖမ်းဆီး၍ အပြင်းအထန် နာကျင်စေမှု ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် မြောက်ဥက္ကလာပ မြို့မ ရဲစခန်းကအမှုဖွင့် အရေးယူထားပြီးနောက် မီးလောင်ဒဏ်ရာရခဲ့သူ အမျိုးသမီးမှာ သေဆုံးခဲ့သဖြင့် အောက်တိုဘာလ ၂ ရက်နေ့တွင် လူသတ်မှုပုဒ်မ ၃၀၂ ပြောင်းလဲအမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

S-03