News

POST TYPE

NEWS

MLM လုပ်ငန်းများကို တားဆီးပေးရန် ရန်ကုန် တိုင်းလွှတ်တော်တွင် ဆွေးနွေး
11-Oct-2016

ရန်ကုန်၊ အောက်တိုဘာ ၁၁ 

ဆင့်ပွားစီးပွားရေးစနစ် (MLM) စီးပွားရေး လုပ်ငန်းများကို ပိတ်ပင် တားမြစ်သင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ဆွေးနွေးခဲ့သည်။ 

အောက်တိုဘာလ ၁၁ ရက်က ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် ပြီးခဲ့သည့်ရက်ပိုင်းက တင်သွင်းခဲ့သော “ရန်ကုန် တိုင်းဒေသကြီး အတွင်းရှိ တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့် မညီသော နိုင်ငံခြားသားများပိုင် စီးပွားရေး လုပ်ငန်းများအား တည်ဆဲ ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း”အဆိုနှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းဟန်က ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။ 

နိုင်ငံတော်ကို အခွန် ဆောင်ထားရုံမျှဖြင့် နိုင်ငံသားများအတွက် အကျိုး မရှိသော ယင်းလုပ်ငန်းများကို တရားဝင် ခွင့်ပြုထားခြင်း မပြုလုပ်သင့်ကြောင်း၊ ပြည်သူ အများစုနှင့် နိုင်ငံတော် အကျိုးစီးပွား နစ်နာစေမည့် လုပ်ငန်းများကို ခွင့်ပြုပေးသည့် ပုဂ္ဂိုလ်များအနေနှင့် ဘက်စုံထောင့်စုံ လေ့လာ၍ ခွင့်ပြုပေး သင့်ပါကြောင်း ဦးကျော်မင်းဟန်က ပြောကြားသည်။ 

“MLM စနစ် တစ်ခုလုံးကို လေ့လာ သုံးသပ်ချက်များအရ လုပ်ဆောင်နေသူများတွင် အပေါ်ပိုင်းမှသာ အကျိုးများပြီး အောက်ခြေ မန်ဘာဝင်များမှာ မျှော်လင့်ချက် အိပ်မက်ဖြင့် အချိန်ကုန် ငွေကုန် စိတ်ဖိစီးမှုများ ဖြစ်ပေါ်နေပါတယ်။ ယင်းကြောင့် ထိုလုပ်ငန်းများသည် ၉ဝ ရာခိုင်နှုန်းခန့် ပြည်သူလူထုအတွက် အကျိုးအမြတ် မရှိသည်ကို တွေ့ရပါတယ်။ အမြတ်ရနေသည့်သူမှာ ၁ဝ ရာခိုင်နှုန်းသာ ဖြစ်ပြီး အောက်ခြေမှာ အကျိုးရလဒ် မရဖြစ်နေပါတယ်”ဟု ၎င်းက ဆိုသည်။ 

တရားမဝင် နိုင်ငံခြားသားပိုင် စီးပွားရေး လုပ်ငန်းများ၏ အဆိုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက လာရောက် ဖြေရှင်းရာ ယင်းသို့ နိုင်ငံခြားသားများ အနေနှင့် ဥပဒေကို လက်တစ်လုံးခြား ပြုလုပ်နေသည့် ကိစ္စရပ်များ ရှိနေကြောင်း၊ ယင်းကိစ္စရပ်များသည် တိုင်းဒေသကြီး အဆင့်နှင့်သာမက ပြည်ထောင်စု အဆင့်နှင့် ပတ်သက်နေသည့် ကိစ္စရပ် ဖြစ်သောကြောင့် ပြည်ထောင်စု အဆင့်မှ ကိုင်တွယ်သင့်သည့်အတွက် မှတ်တမ်းတင်မှုသာ ပြုလုပ်သင့်ကြောင်း ပြောကြားခဲ့သည်။ 

ထို့နောက် အဆို တင်သွင်းခဲ့သူ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်ကလည်း မှတ်တမ်းတင်ရန် သဘောတူသည့်အတွက် ယင်းအဆိုကို အတည်ပြုခြင်း မရှိဘဲ လွှတ်တော်တွင် မှတ်တမ်း တင်ခဲ့သည်။ 

ပြီးခဲ့သည့် အောက်တိုဘာလ ၈ ရက်နေ့တွင် အဆိုပါ ဆင့်ပွား စီးပွားရေး စနစ်ဖြင့် လုပ်ကိုင်နေသော Aim Star ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက သတင်း မီဒီယာများကို ထိခိုက်စော်ကား ပြောဆိုခဲ့သည့်အတွက် Aim Star မှ တာဝန်ရှိသူများ သတင်း မီဒီယာသမားများကို တောင်းပန်ပွဲ ပြုလုပ်၍ ပြန်လည် တောင်းပန်ခဲ့သည်။



  • VIA