News

POST TYPE

NEWS

ထိုင်းနှင့် မြန်မာသည် သဘာဝမဟာမိတ်
03-Oct-2018



ဩဂုတ်လတွင်း နေပြည်တော်၌ ကျင်းပခဲ့သော (၉) ကြိမ်မြောက် နှစ်နိုင်ငံနှစ်ပတ်လည် အစည်းအဝေး၌ နှစ်နိုင်ငံလုံးသည် ယခုမှစ၍ “သဘာဝမဟာဗျူဟာကျသည့် မိတ်ဖက်များ” ဖြစ်နေကြပြီဟု ကြေညာခဲ့ကြသည်။ သံတမန်ဆက်ဆံရေး ထူထောင်မှု နှစ် ၇၀ ပြည့်ချိန်တွင် အချိန်ကိုက်ဟုလည်း ဆိုနိုင်သည်။ ယခုအဆင့်အတန်းသစ်သည် သူမတူသည့် အနေအထားတစ်ရပ်ဖြစ်ပြီး နှစ်နိုင်ငံ၏ ရိုးရာ၊ ယဉ်ကျေးမှု၊ ဘာသာရေးနှင့် ဘဝနေဟန်တူညီမှုဆိုသော မဟာဗျူဟာမြောက် တန်ဖိုးတစ်ရပ်ကို မီးမောင်းထိုးပြခြင်း၊ အသိအမှတ်ပြုလိုက်ခြင်းလည်း ဖြစ်သည်။

နှစ်နိုင်ငံရှိ ပြည်သူများ၏ ဘဝများ တိုးတက်ကောင်းမွန်စေရေးမှာ လက်ရှိတွင် ထိုင်းအတွက်ရော မြန်မာအတွက်ပါ ဦးစားပေးကိစ္စဖြစ်ပြီး အထူးသဖြင့် နယ်စပ်ဒေသများတွင်နေထိုင်သူများ၏ ဘဝမြှင့်တင်နိုင်ရေးဖြစ်သည်။ နှစ်နိုင်ငံစလုံးသည် “နှလုံးသားထဲမှလာသော သဘာဝခံစားချက်” ဖြင့် အတူလက်တွဲအလုပ်လုပ်ကြလျှင်၊ အပေါ်ယံဟန်ဆောင်မှုများမပါဘဲ ဆောင်ရွက်ကြလျှင် ဖြစ်လာမည့် အနာဂတ်စိန်ခေါ်မှုများကို ကိုင်တွယ်နိုင်လိမ့်မည်ဟု ယုံကြည်ထားကြသည်။

တကယ်တော့ နှစ်နိုင်ငံအကြား စိမ့်ဝင်နိုင်သော နယ်စပ်မျဉ်း ၂၄၀၀ ကီလိုမီတာအထိ ကျယ်ပြန့်သော်လည်း ၉၃ ကီလိုမီတာသာ ခြံစည်းရိုးကာရံထားသည်။ ရေရှည်တည်တံ့သည့် နှစ်ဖက်အပြန် အလှန်ယုံကြည်မှုသည်သာ ယခုကဲ့သို့ ဂုဏ်သိက္ခာရှိသည့် ရလဒ်မျိုးကို အာမခံနိုင်ခြင်းဖြစ်သည်။ ထိုသို့ လုပ်နိုင်ရန်အတွက် နှစ်ဖက်စလုံးမှ ရာထူးအဆင့်ဆင့်ရှိကြသော တာဝန်ရှိသူများအကြား မကြာခဏ စည်းဝေးတိုင်ပင်ရမည်ဖြစ်သလို နယ်စပ်ပြည်နယ်များမှ ထိုင်းပြည်နယ်အုပ်ချုပ်ရေးမှူးများ၊ ပြည်နယ်ဝန်ကြီးချုပ်များအကြားတွင်လည်း ညှိနှိုင်းစည်းဝေးရမည်ဖြစ်သည်။

ဆက်ဆံရေးအဆင့်အတန်း တိုးမြှင့်ပြီး သုံးပတ်အကြာတွင် ပထမဆုံးစိန်ခေါ်မှုမှာ မမျှော်လင့်ဘဲ ဆိုက်ရောက်လာခဲ့သည်။ စက်တင်ဘာလ ၁၀ ရက်နေ့ တွင် ထိုင်းနိုင်ငံ နိုင်ငံခြားသတင်းထောက်များ ကလပ် (FCCT) က “မြန်မာဗိုလ်ချုပ်ကြီးများ နိုင်ငံတကာရာဇဝတ်မှုများအတွက် တရားရင်ဆိုင်ရမည်လော”​ ဆိုသည့် ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲလုပ်ရန် စီစဉ်ခဲ့သည်။ ထိလွယ်ရှလွယ်ရှိမှု အတိုင်းအတာနှင့် ဩဂုတ်လတွင်းက နှစ်နိုင်ငံအစည်းအဝေးအပြီး ကတိကဝတ်များကို ထောက်ရှု၍ ဆွေးနွေးပွဲခေါင်းစဉ်သည် ကျူးကျော်စော်ကားရာရောက်နေသည်ဟု ယူဆခဲ့သောကြောင့်ပွဲကို ကျင်းပခါနီးတွင်မှ ပိတ်ပင်ရန် ထိုင်းအာဏာပိုင်များက ဆုံးဖြတ်ခဲ့ကြသည်။ ရဲတပ်ဖွဲ့၏ ကိုင်တွယ်ဖြေရှင်းမှုမှာ ပြင်းပြင်းထန်ထန်ဝေဖန်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။ ယင်းမှာ ဘင်္ဂါလီများ အရေးနှင့်ပတ်သက်၍ FCCT တွင် ပြုလုပ်သော အစီအစဉ်တစ်ရပ်ကို ပထမဆုံးအကြိမ် ပိတ်လိုက်ခြင်းဖြစ်ပြီး မြန်မာ-ထိုင်းဆက်ဆံရေးသည် ဖြစ်ရိုးဖြစ်စဉ်မျိုး မဟုတ်တော့ကြောင်း ပြသလိုက်သည့် သင်္ကေတလည်းဖြစ်သည်။ ဝန်ကြီးချုပ်ပရာယုချန်အိုချာ လက်ထက်တွင် ရဲတပ်ဖွဲ့သည် FCCT တွင် ကျင်းပသော ပွဲခြောက်ပွဲအထိ ပိတ်ပင်ခဲ့ပြီးဖြစ်သည်။

အခြားသော ရေရှည်စိန်ခေါ်မှုမှာ ရခိုင်ပြည်နယ်တွင် ဖွံ့ဖြိုးတိုးတက်မှုများ ဖော်ဆောင်ရေးဖြစ်လာမည်ဖြစ်ပြီး ထိုင်းနိုင်ငံသည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ခြင်း၊ ဒေသတွင်း ဆောင်ရွက်ခြင်း၊ ပြည်တွင်းမှ ဆောင်ရွက်ခြင်းဟူသော အဆင့်သုံးဆင့်ဖြင့် ကိုင်တွယ်ရမည်ဖြစ်သည်။ မျက်မှောက်ကာလတွင် နိုင်ငံတကာအသိုင်းအဝိုင်းသည် ဘင်္ဂါလီဒုက္ခသည်များ ပြန်လာရေး၊ ပြန်လည်နေရာချထားရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံကို ဖိအားပေးလျက်ရှိသည်။ ရခိုင်အကျပ်အတည်း၏ ကျယ်ပြန့်မှုနှင့် ရှုပ်ထွေးမှုသည် ပြဿနာဖြေရှင်းရန် အမျိုးမျိုးသော အားထုတ်မှုများ၊ လှုပ်ရှားဆောင်ရွက်မှုများအတွက် အဟန့်အတားဖြစ်စေခဲ့သည်။ ယုံကြည်မှု၊ ဘေးကင်းရေးနှင့် အမိုးအကာရရှိရေး အာမခံချက်ကင်းမဲ့ခြင်းသာမက စိစစ်သည့်လုပ်ငန်းစဉ်တွင် နှောင့်နှေးမှုများရှိခဲ့ခြင်းက အခြေအနေကို ပိုဆိုးစေခဲ့သည်။

အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံအနေနှင့် ထိုင်းသည် မြန်မာနိုင်ငံအတွက် စီးပွားရေး မိမိဘာသာ ဖူလုံမှုဆိုင်ရာ အခြေခံမူဝါဒနှင့် လုပ်ထုံးလုပ်နည်းအချို့ကို မျှဝေပေးခြင်းဖြင့် တတ်စွမ်းသရွေ့ ပံ့ပိုးပေးနေသည်။ ယင်းသို့သော အသိပညာဖလှယ်မှုသည် နှစ်ပေါင်းများစွာ ရှိခဲ့ပြီဖြစ်သော်လည်း စီးပွားရေး မိမိဘာသာ ဖူလုံမှုမူဝါဒများ (Self-Sufficiency Economic Principles) ကို အခြေခံသည့် “စံပြကျေးရွာများ” ရခိုင်တွင် ဖန်တီးရေးနှစ်နိုင်ငံ သဘောတူညီမှုမျိုးမှာမူ ယခင်က မရှိခဲ့ဖူးပေ။

ပြီးခဲ့သည့် အပတ်က ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံနှင့် ရခိုင်ပြည်နယ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် ထင်ရှားအရေးပါသော ပုဂ္ဂိုလ်များဖြစ်သည့် ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမှုအကူအညီထောက်ပံ့ရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း၏ ညှိနှိုင်းရေးမှူး ဦးအောင်ထွန်းသက်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့ကို ထိုင်းနိုင်ငံသို့ဖိတ်ကြားခဲ့သည်။ ထိုပုဂ္ဂိုလ်နှစ်ဦးသည် စီးပွားရေး မိမိဘာသာ ဖူလုံမှုမူဝါဒများ ကျင့်သုံးသည့် အသိပညာဆိုင်ရာစင်တာအများအပြားကို သွားရောက်လေ့လာခဲ့ကြသည်။

မြန်မာနိုင်ငံမှ အထင်ရှားဆုံး စီးပွားရေးပညာရှင်တစ်ဦးလည်းဖြစ်၊ လူသိများသော ကုလသမဂ္ဂအရာရှိဟောင်းလည်းဖြစ်သော ဦးအောင်ထွန်းသက်က ယခုချဉ်းကပ်ပုံနှင့် ပတ်သက်၍ အထူးသဘောကျမိကြောင်း သောကြာနေ့က စာရေးသူနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ ဤမူဝါဒသည် မြန်မာနိုင်ငံတွင် အလုပ်ဖြစ်နိုင်ကြောင်း၊ အထူးသဖြင့် တိုင်းရင်းသားဒေသများတွင် ဖြစ်ကြောင်း ဦးအောင်ထွန်းသက်က မှတ်ချက်ပေးခဲ့သည်။

“ဒီပုံစံဟာ ဂုဏ်သိက္ခာရှိတဲ့ နေထိုင်မှု၊ မတူကွဲပြားမှုအပေါ်သည်းခံနိုင်စွမ်း၊ အားလုံးပါဝင်မှုနဲ့ ကိုယ်ကျင့်တရားကို မြှင့်တင်ပေးလိမ့်မယ်”ဟု ဦးအောင်ထွန်းသက်က ပြောကြားခဲ့သည်။

စီးပွားရေးအရ မိမိဘာသာ ဖူလုံမှုမူဝါဒများအကြောင်း ယခုခရီးစဉ်မတိုင်မီ နှစ်ပေါင်းများစွာကတည်းက ကျယ်ကျယ်ပြန့်ပြန့် လေ့လာခဲ့ဖူးသည်ဟု ဦးအောင်ထွန်းသက်က ဆိုသည်။ ၁၉၅၂ တွင် သူသည် ဘန်ကောက်တွင် တာဝန်ကျသော ဖခင်ဖြစ်သူနှင့်အတူ နေထိုင်ခဲ့ဖူးသည်။ သူရရှိခဲ့သော အတွေ့အကြုံနှင့် အသိပညာများ၊ တည်ဆောက်နိုင်ခဲ့သော အဆက်အသွယ်များသည် တိုင်းရင်းသား ဒေသများတွင် စံပြကျေးရွာများ တည်ထောင်ရာတွင် အထူးအရေးပါသည်ဟု ဦးအောင်ထွန်းသက်က ဆိုသည်။ ရခိုင်ပြည်နယ်မှ တစ်ခုအပြင်၊ နှစ်နိုင်ငံ အစောပိုင်း သဘောတူညီချက်အရ မွန်၊ ကရင်ပြည်နယ်များနှင့် တနင်္သာရီတိုင်းတွင်ပါ ယင်းကျေးရွာများ ထူထောင်ရန် စီစဉ်နေသည်ဟုဆိုသည်။ ယင်းကျေးရွာများသည် ရွှေ့ပြောင်းအခြေချသူများ မူရင်းနေရပ်သို့ ဘေးကင်းစွာ၊ ဂုဏ်သိက္ခာရှိစွာ၊ ရေရှည်ပြန်လည်အခြေချနိုင်ရေးအတွက် အနာဂတ်တွင် ကူညီပေးလိမ့်မည်ဟုလည်း ပြောကြားခဲ့သည်။

စီးပွားရေး စီမံကိန်းနှင့် အကောင်အထည်ဖော်ရေးတွင် သူ၏ ကာလရှည် အတွေ့အကြုံများအရ ဦးအောင်ထွန်းသက်သည် သူ့တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် မည်သည့်အရာက အသုံးတည့်မည်ကို ကောင်းကောင်းကြီး သိထားသလို မဝေးလှသည့်အနာဂတ်တွင်လည်း မြန်မာနိုင်ငံနှင့် ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် နှစ်နိုင်ငံဖလှယ်ဆက်သွယ်မှုများ အများအပြားဖြစ်ပေါ်လာလိမ့်ဟု ပြောကြားခဲ့သည်။

ယခုအခါ ထိုင်းနိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (TICA) သည် မြန်မာတာဝန်ရှိသူများနှင့် လူငယ်များကို သင်တန်းများ၊ ပညာတော်သင်ဆုများ ပေးအပ်လျက်ရှိသည်။ TICA သည် ထိုင်း-မြန်မာ သုံးနှစ် ဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်မှု မူဘောင် ၂၀၁၉ -၂၀၂၁ ကို အကောင်အထည်ဖော်ရန် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ရခိုင်ပြည်နယ်အရေးအပြင် မြန်မာနိုင်ငံအတွင်း ပြည်တွင်း အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေးတွင်လည်း ထိုင်းနိုင်ငံက အများကြီး ရှေ့ရောက်နေသည်။ ပထမဆုံးအနေနှင့် မြဝတီ - ကော့ကရိတ်လမ်းပိုင်းအတွက် အကူအညီများ ပေးအပ်ခဲ့ကာ ယခုအခါ မြန်မာနိုင်ငံရှိ အကောင်းဆုံးလမ်းများအနက်မှ တစ်ခုဖြစ်နေပြီဖြစ်သည်။ ယင်းအောင်မြင်မှုအပေါ် အခြေခံပြီး အရှေ့ - အနောက် စီးပွားရေးကိစ္စတွင် အရေးပါသော အစိတ်အပိုင်းဖြစ်သည့်၊ ဣန္ဒု- သထုံ မဟာဗျူဟာမြောက် ကုန်သွယ်ရေးလမ်းကို အဆင့်မြှင့်ရန် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် နယ်စပ်ကုန်သွယ်ရေး တိုးချဲ့ရန်နှင့် နှစ်ဖက်ပြည်သူများ ထိတွေ့မှုတိုးမြှင့်ရန် မဲဆောက်-မြဝတီတွင် ဒုတိယမြောက် ချစ်ကြည်ရေး တံတားကို မကြာမီ ဖွင့်လှစ်တော့မည်ဖြစ်သည်။ ယင်းတံတားကိုလည်း ထိုင်းအကူအညီဖြင့်ပင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ထားဝယ်အထူးစီးပွားရေးဇုန် အမှန်တကယ် အကောင်အထည်ဖော်နိုင်ရေးဆိုသော ကြီးမားသည့် လုပ်ငန်းကြီးကိုလည်း ဆက်လုပ်နေဆဲဖြစ်ပြီး တိုးတက်မှုနှေးကွေးနေသော်လည်း နှစ်ဖက်စလုံးက ယင်းဇုန်နှင့် ကန်ချနာဘူရီပြည်နယ် ချိတ်ဆက်သည့် နှစ်လမ်းသွားလမ်း အဆင့်မြှင့်ရေးကို အာရုံစိုက်ဆောင်ရွက်နေသည်။

ရွှေ့ပြောင်းလုပ်သားများဆိုင်ရာ ကျယ်ပြန့်သည့်ကိစ္စတွင်လည်း ယခုနှစ် အမေရိကန်၏ ရွှေ့ပြောင်းအခြေချမှုအစီရင်ခံစာတွင် ထိုင်းနိုင်ငံကို Tier 2 စောင့်ကြည့်စာရင်းသို့ ပြောင်းလဲထည့်သွင်းလိုက်ခြင်းက ဖော်ပြနေသည်မှာ သန်းနှင့်ချီသည့် မြန်မာရွှေ့ပြောင်းလုပ်သားများ၏ လူနေမှုဘဝများတွင် အဆင့်မြင့်မားလာမှုနှင့် နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့မှု၏ ရလဒ်ပင်ဖြစ်သည်။ ၂ ဒသမ ၃ သန်းကျော်မှာ မှတ်ပုံတင်ထားပြီး ထိုင်းအလုပ်သမားဥပဒေအရ အကာအကွယ်ပေးထားခြင်းခံရပြီဖြစ်သည်။ ၎င်းတို့၏ အခွင့်အရေးများ နောက်ထပ်တိုးမြှင့်ပေးရန်မှာလည်း အရေးပါသည့် ကိစ္စဖြစ်သည်။

နောက်ထပ် ရှည်ကြာနေပြီဖြစ်သည့် ပြဿနာတစ်ရပ်မှာ မြန်မာဒုက္ခသည်များ သဘောဆန္ဒအလျောက် နေရပ်ပြန်ရေးဖြစ်သည်။ ယခုနှစ် မေလအတွင်း လူ ၉၃ ဦး ပါဝင်သော ဒုတိယအသုတ်ပြန်သွားခဲ့ကြပြီး ယခုလနှောင်းပိုင်းတွင် တတိယအသုတ် စေလွှတ်နိုင်ရန်နှစ်နိုင်ငံ စီစဉ်လျက်ရှိသည်။ ၁၉၈၄ မှ စပြီး ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံမှ အိုးအိမ် စွန့်ခွာထွက်ပြေးလာရသူ တစ်သိန်းခန့်ကိုနေစရာနှင့် အခြားအကူအညီများပေးအပ်ခဲ့ကာ ထိုသူများသည် မဲဟောင်ဆောင်၊ တက်၊ ကန်ချနာဘူရီနှင့် ရက်ချာဘူရီရှိ ယာယီဒုက္ခသည်စခန်း ကိုးခုတွင် နေထိုင်လျက်ရှိကြသည်။

လာမည့်နှစ်တွင် အာဆီယံဥက္ကဋ္ဌ တာဝန်ယူမည့် ထိုင်းနိုင်ငံ၏ မြန်မာနိုင်ငံရေး ညှိနှိုင်းဆောင်ရွက်မှုမှာ အသေးစိတ်စောင့်ကြည့်ခံရတော့မည်ဖြစ်ပြီး၊ ရှေ့တွင်စောင့်ကြိုနေသော ကြီးကျယ်သည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန်အတွက် ထိုင်းနိုင်ငံသာမက အာဆီယံလုပ်ဖော်ကိုင်ဖက် နိုင်ငံများအနေနှင့်ပါ မိမိကိုယ်ကိုယ် ပြင်ဆင်ထားကြရန် တာဝန်ရှိနေပြီဖြစ်သည်။

Ref : Thailand and Myanmar are Natural Allies from bangkokpost.com 

ကဝိချောင်ကစ်တီဝန်း ရေးသားသည်။