News

POST TYPE

NEWS

ကိုယ်ဝန်ဖျက်ခြင်းကြောင့် မိခင်သေဆုံးမှုများပြား
03-Oct-2018

ရန်ကုန်၊ အောက်တိုဘာ ၂

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် မိခင်သေဆုံးမှုမြင့်မားသည့် နိုင်ငံတစ်နိုင်ဖြစ်ပြီး မိခင်သေဆုံးမှု ၁၂ ရာခိုင်နှုန်းသည် ကိုယ်ဝန်ပျက်ခြင်း၊ ကိုယ်ဝန်ဖျက်ခြင်း၏ နောက်ဆက်တွဲကြောင့် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။

မျိုးဆက်ပွားနိုင်သည့် အသက်အရွယ်ရှိ အမျိုးသမီးများ၌ သားဆက်ခြားနည်း လမ်းသုံးစွဲခွင့်မရခြင်း၊ စီးပွားရေး အခြေအနေအရ သန္ဓေတားနည်းကို လက်လှမ်းမမီခြင်းများကြောင့် မလိုချင်သောကိုယ်ဝန် ရရှိသည့်အခါ အန္တရာယ်မကင်းသည့် ကိုယ်ဝန်ဖျက်ချမှုများ ပြုလုပ်ရာမှတစ်ဆင့် သေဆုံးခြင်း၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်ခြင်းများကို ဖြစ်ပွားစေကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။

“သားဆက်ခြားနည်းလမ်းကို လက်လှမ်းမမီရရှိရင် ကိုယ်ဝန်ဖျက်ချခြင်းကြောင့် ရနိုင်မယ့် မိခင်နဲ့ ကလေးသေဆုံးမှုကို လျှော့ချနိုင်မှာပါ”ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာမြင့်ထွေးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် သားဆက်ခြား စောင့်ရှောက်မှုလုပ်ငန်းများကို ၁၉၉၁ ခုနှစ်တွင်စတင်ခဲ့ပြီး အိမ်ထောင်သည် အမျိုးသမီးများ ခေတ်မီသားဆက်ခြား ဆေးဝါးသုံးစွဲမှုသည် ၂၀၀၇ ခုနှစ်တွင် ၃၈ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၅ ခုနှစ်တွင် ၅၁ ရာခိုင်နှုန်းအထိ တိုးမြင့်ခဲ့ကြောင်း၊ ထို့အပြင် ကလေးတစ်ဦးနှင့်တစ်ဦးအကြား သုံးနှစ်ခြား၍ မွေးဖွားပါက ငါးနှစ်အောက်ကလေး သေဆုံးမှု ၁ ဒသမ ၆ သန်းခန့်ကို ကာကွယ်နိုင်မည်ဖြစ်ပြီး သားဆက်ခြားနည်းလမ်းများကို အသုံးပြုခြင်းဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကိုယ်ဝန်ဖျက်ချမှုကြောင့် မိခင်သေဆုံးခြင်း၏ ၈၁ ရာခိုင်နှုန်းကို လျှော့ချနိုင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အချက်အလက်များတွင် ဖော်ပြထားသည်။

မျိုးဆက်ပွားနိုင်သည့် အသက်အရွယ်ရှိသော အမျိုးသမီး ၁၆ ရာခိုင်နှုန်းတွင် သားဆက်ခြားခြင်း ဆောင်ရွက်လိုသော်လည်း ဆောင်ရွက်ရန်အခွင့်အလမ်းမရှိမှုများ ရှိနေကြောင်း ၂၀၁၅-၂၀၁၆ တွင်ပြုလုပ်ခဲ့သည့် Myanmar Demographic and Health Survey အရ သိရသည်။

J-12