News

POST TYPE

NEWS

စရဖ တပ်ကြပ်တစ်ဦး ပစ်သတ်ခံရပြီးနောက် သံသယရှိသူများကို ရဲတပ်ဖွဲ့ စစ်ဆေး
02-Oct-2018

စစ်တွေ၊ အောက်တိုဘာ ၁

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ)မှ တပ်ကြပ်တစ်ဦး လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် သံသယရှိသူများအား ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးနေလျက်ရှိကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ရုံးမှ သိရသည်။

“ရဲတပ်ဖွဲ့အနေနဲ့က သူ့ကို တရားခံလို့ စွပ်စွဲတာမဟုတ်ဘူး၊ သံသယရှိသူလို့ပဲ ကျွန်တော်တို့က သတ်မှတ်လိုက်တာ၊ သံသယရှိသူ ဘယ်နှဦးဆိုတာကိုတော့ အချိန်ကျရင် ထုတ်ပြောပါမယ်”ဟု ပြည်နယ်ရဲမှူးကြီး ကြည်လင်းက ပြောသည်။

အဆိုပါ စရဖတစ်ဦး လုပ်ကြံခံရမှုနှင့်ပတ်သက်ပြီး စက်တင်ဘာလ ၃၀ ရက်နေ့ ညနေပိုင်းအချိန်တွင် စစ်တွေမြို့ ရွာကြီးမြောက်ရပ်ကွက်နေသူ ၅ ဦးကို သံသယရှိ၍ စစ်ဆေးရန် ခေါ်ယူသွားကြောင်း သတင်းများထွက်ပေါ်နေသဖြင့် ပြည်နယ်ရဲမှူးကြီးအား သတင်းထောက်များက မေးမြန်းရာ ယင်းသို့ဖြေကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့ ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးရာ၌ မြို့ပေါ် လုံခြုံရေးပိုင်းဆိုင်ရာနှင့် မူးယစ်ဆေးဝါးပိုင်းဆိုင်ရာတို့နှင့်ပတ်သက်၍ သံသယရှိသူများဖြစ်ကြောင်း ရဲမှူးကြီးက ဆက်၍ရှင်းပြသည်။

၎င်း စရဖတပ်ဖွဲ့ဝင် လုပ်ကြံခံရပြီးနောက် စစ်တွေတက္ကသိုလ်၌ အဝေးသင် တက်ရောက်နေကြသည့် ဘူးသီးတောင်မြို့နယ်မှ ကိုအောင်ချေနှင့် ကိုခိုင်ဇော်တို့ နှစ်ဦးကို သံသယရှိ၍ စက်တင်ဘာလ ၂၆ ရက်နေ့က ခေါ်ယူစစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

တပ်ကြပ်ဝင်းထိုက် (ခ) ဖိုးလုံးသည် စက်တင်ဘာလ ၂၅ ရက်နေ့ ညနေပိုင်းအချိန်၌ ဇနီးနှင့်အတူ စစ်တွေမြို့ ဈေးပွဲတော်တွင် လည်ပတ်နေကြစဉ် ၎င်းအား ၉ မမ သေနတ်ကျည်ဆန်ဖြင့် ပစ်ခတ်လိုက်သဖြင့် ဦးခေါင်းနောက်စေ့ အပျော့ပိုင်းမှ ဝင်ရောက်ကာ ရှေ့ဘက် နှာခေါင်းအနီး ဖောက်ထွက်သွားပြီး သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့ဝင်များထံမှ သိရသည်။

ယင်းသို့သေဆုံးမှုနှင့်ပတ်သက်ပြီး စစ်တွေမြို့မ အမှတ်(၂) နယ်မြေရဲစခန်းတွင် ရာဇတ်သတ်ကြီး ဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်ထားပြီး တရားခံအား ဖမ်းဆီးရမိရန် စုံစမ်းလျက်ရှိကြသည်။

R-22