News

POST TYPE

NEWS

တိုက်ကြီးမြို့ နိုဘယ်သစ် KTV ဆိုင်တွင်လူငယ် သုံးဦးကို ဆိုင်ဝန်ထမ်းများ ဝိုင်းရိုက်
01-Oct-2018
တိုက်ကြီး၊ စက်တင်ဘာ ၃၀

တိုက်ကြီးမြို့ မင်္ဂလာရပ်ကွက် ဘောင်ကြီး-ပဲခူး ဆက်သွယ်ထားသော ကားလမ်းဘေးရှိ နိုဘယ်သစ် KTV ဆိုင်တွင် စက်တင်ဘာလ ၂၉ ရက် နံနက် ၁ နာရီအချိန်ခန့်တွင် တက္ကသိုလ်ကျောင်းသားအပါအဝင် လူငယ်သုံးဦးကို ဆိုင်ဝန်ထမ်းများက ဝိုင်းရိုက်ခဲ့ကြောင်း တိုက်ကြီးမြို့မရဲစခန်းမှ တာဝန်ရှိသူက ပြောကြားသည်။

ဖြစ်စဉ်မှာ အနောက်ပိုင်းတက္ကသိုလ် ဓာတုဗေဒပထမနှစ်ကျောင်းသား အသက် ၁၉ နှစ်ရှိ မောင်ထက်လင်းအောင်နှင့် သူငယ်ချင်းများဖြစ်သော အဖျောက်မြို့နေသူ အသက် ၁၈ နှစ်ရှိ မောင်ဟန်ထူးအောင်နှင့် အသက် ၂၀ နှစ်ရှိ မောင်ချစ်မင်းမောင်တို့ သုံးဦးသည် နိုဘယ်သစ် KTV ဆိုင်သို့ ရောက်ရှိလာပြီး သီချင်းသီဆိုရန် မိန်းကလေးများအား ခေါ်ဆောင်ထားရာ အဆင်မပြေဖြစ်၍ စကားများရာမှ မိုက်လု၍ ထိုမိန်းကလေးများအား တွန်းထုတ်ရာ မိန်းကလေးများက ဆိုင်ဝန်ထမ်းများထံ ပြောဆိုသဖြင့် ဆိုင်ဝန်ထမ်းများ ဝင်ရောက်လာ၍ သံပိုက်လုံးများဖြင့် ဝိုင်းရိုက်ခြင်း၊ လက်သီးများဖြင့် ထိုးကြိတ်ခြင်းများကြောင့် ဒဏ်ရာအသီးသီးရရှိကြောင်း ရဲကြေးနန်းစာအရ သိရသည်။

ယင်းဆိုင်ဝန်ထမ်းများ၏ ထိုးကြိတ် ရိုက်နှက်မှုကြောင့် မောင်ထက်လင်းအောင်သည် ဦးခေါင်းယာချိုစောင်း ပေါက်ပြဲဒဏ်ရာ၊ ဦးခေါင်းနောက်စေ့ နာကျင်ဒဏ်ရာ၊ မောင်ဟန်ထူးအောင်မှာ ဦးခေါင်း ပေါက်ပြဲဒဏ်ရာ၊ ဝဲပခုံးပေါက်ပြဲဒဏ်ရာရရှိခဲ့ပြီး မောင်ချစ်မင်းမောင်မှာ ဝဲ/ယာ တံတောင် ပေါက်ပြဲဒဏ်ရာများ အသီးသီးရရှိခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ နိုဘယ်သစ်ဝန်ထမ်းများ (စုံစမ်းဆဲ) အား အုပ်ထိန်းသူများက အရေးယူဆောင်ရွက်ပေးရန် တိုင်တန်းခဲ့သဖြင့် တိုက်ကြီးမြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၂၅/၃၂၃/၁၁၄ ဖြင့် အမှုဖွင့်ထားသည်။

R-19


  • VIA