News

POST TYPE

NEWS

မွန်ဝန်ကြီးချုပ်ကို ဝေဖန်ခဲ့သူ အလုပ်နှင့် ထောင်ဒဏ် ချမှတ်ခံရ
30-Sep-2018
မော်လမြိုင်၊ စက်တင်ဘာ ၂၉

မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံအား လူမှုကွန်ရက်စာမျက်နှာ (Facebook) ပေါ်တွင် ဝေဖန်ခဲ့သူ ဦးအောင်ကိုကိုလွင်အား သထုံမြို့နယ် တရားရုံးက အလုပ်နှင့်ထောင်ဒဏ် တစ်နှစ်ချမှတ်လိုက်သည်။

ဇန်နဝါရီလ ၃ ရက်က ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် သထုံမြို့သူမြို့သားများ တွေ့ဆုံပွဲနှင့်ပတ်သက်ပြီး ဝေဖန်ခဲ့သည့်အတွက် ပြည်နယ်အစိုးရအဖွဲ့၏ ဂုဏ်သိက္ခာ၊ ပြည်နယ်တာဝန်ရှိသူများ ဆောင်ရွက်နေမှုအား ထိခိုက်စေသည်ဟုဆိုကာ သထုံမြို့နေ ဦးစောကျော်မိုး (မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသား လူမျိုးရေးရာကော်မတီဝင်) မှ တရားလိုပြုလုပ်ပြီး တရားစွဲဆိုခဲ့ရာ စက်တင်ဘာ ၂၇ ရက်က သထုံမြို့နယ် တရားရုံးမှ အလုပ်နှင့်ထောင်ဒဏ် တစ်နှစ်ချမှတ်လိုက်ခြင်းဖြစ်သည်။

“ဝန်ကြီးချုပ်က အားမနာတမ်း ပြောပါဆိုလို့ သထုံမြို့ကောင်းဖို့အတွက် မြို့ခံ ၁၀ ယောက်ကထပြီး တင်ပြကြတယ်၊ ကျွန်တော် လှုမှုကွန်ရက်မှာ ရေးသားထားတာကလည်း ဝန်ကြီးချုပ်ကို တိုက်ခိုက်လို စိတ်မဟုတ်ဘူး၊ အပြုသဘောနဲ့ ရေးသားထားတာ ခုလိုအမိန့်ချခံရတော့ ပြည်သူတွေရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကို ကန့်သတ်ခံရတယ်လို့ ယူဆတယ်”ဟု ဦးအောင်ကိုကိုလွင်က ပြောသည်။

အဆိုပါ ဝန်ကြီးချုပ်နှင့် သထုံလူထု တွေ့ဆုံပွဲတွင် ဦးအောင်ကိုကိုလွင်မှ သထုံမြို့မဈေး လျှပ်စစ်မီးအသုံးပြုခွင့်ရရှိရေး၊ သထုံမြို့အထွက် ရန်ကုန်-မော်လမြိုင် ကားလမ်း၊ ရထားလမ်းအကွေ့နားတွင် ယာဉ်မတော်တဆမှုများ မကြာခဏ ဖြစ်ပွားနေသည့်အတွက် အချက်ပြမီးများပြုလုပ်ပေးရန် စသည့်ကိစ္စရပ်များအား တင်ပြခဲ့သော်လည်း ဝန်ကြီးချုပ်မှ သဘောထား မှတ်ချက်မပေးခဲ့သည့်အပေါ် ၎င်း၏ Facebook ပေါ်တွင် ရေးသားခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးချုပ်အား လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဝေဖန်ခဲ့သည့် ဦးအောင်ကိုကိုလွင်ကို ၂၀၁၇ ခုနှစ် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၈ (စ) ဖြင့် တရားစွဲခံခဲ့ရပြီး ဇွန်လ ၅ ရက်က ထောင်ချုပ်ဖြင့် ဖမ်းဆီးခဲ့သည်။

ဇန်နဝါရီ ၃ ရက်က ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် သထုံမြို့သူ၊ မြို့သားတို့ တွေ့ဆုံပွဲတွင် ကုန်ဈေးနှုန်းကျစေချင်လျှင် ဟင်းတစ်မယ်လျှော့စားရန် ဝန်ကြီးချုပ်က ပြောဆိုခဲ့သည့်အပေါ် ပြည်သူလူထုအကြား ဝေဖန်ပြောဆိုမှု ရှိခဲ့သည်။

Dawei Watch


  • VIA