News

POST TYPE

NEWS

တနင်္သာရီတိုင်းတွင် ၁၄ နှစ်ဆက်တိုက်နှင့်အထက် ခွင့်မယူသည့်ဆရာမ တစ်ဦးသာရှိ
28-Sep-2018

ထားဝယ်၊ စက်တင်ဘာ ၂၇

တနင်္သာရီတိုင်းအတွင်း ၁၄ နှစ် ဆက်တိုက်နှင့်အထက် ခွင့်မယူသည့် ဆရာမတစ်ဦးသာရှိကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။

အဆိုပါဆရာမသည် ထားဝယ်မြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်း ကျောင်းတွင် အထက်တန်းပြတာဝန် ထမ်းဆောင်နေသည့် ဆရာမ ဒေါ်မေမေစိန်ဖြစ်ပြီး သူမသည် ၁၇ နှစ် ဆက်တိုက်ခွင့် မယူဖူးသူဖြစ်ကြောင်း အထက်ပါရုံးထံမှ သိရသည်။

“ကျောင်းတွေမှာ ခွင့်မှတ်တမ်းတွေရှိတယ်။ သူမက ရှောင်တခင်ခွင့်အပါအဝင် အခြားခွင့်ဆယ်မျိုးစလုံးခွင့်မယူဖူးဘူး”ဟု တနင်္သာရီတိုင်းပညာရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။

၁၄ နှစ်ဆက်တိုက်နှင့်အထက် ခွင့်မယူသည့် ဆရာ၊ ဆရာမများကို လာမည့်အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောကသည့် ကမ္ဘာ့ဆရာများနေ့တွင် ဂုဏ်ပြုဆု ချီးမြှင့်မည်ဟု အခြေခံပညာဦးစီးဌာနက ကြေညာထားသည်။

ဆရာမ ဒေါ်မေမေစိန်သည် ယခင်နှစ်ကလည်း ၁၆ နှစ်ဆက်တိုက် ခွင့်မယူဖူးသည့် ဆရာမအဖြစ် ဂုဏ်ပြုဆုချီးမြှင့်ခံရဖူးသည်။

“စေတနာအကျိုးပေးတဲ့အတွက် ဒီလိုမျိုးဆုရတယ်လို့ယူဆတယ်။ ဒီလိုဆုရဖို့ရည်ရွယ်ပြီး ခွင့်မပျက်နေလာတာ မဟုတ်ပါဘူး”ဟု ဆရာမဒေါ်မေမေစိန်က ပြောသည်။

တနင်္သာရီတိုင်းတွင် ဆရာ၊ ဆရာမ ၁၂,၉၉၀ ဦးရှိကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ၁၄ နှစ် ဆက်တိုက်နှင့်အထက် ခွင့်မယူသည့် ဆရာ၊ ဆရာမ ၁၂ ဦးရှိကြောင်း အခြေခံပညာဦးစီးဌာနက ထုတ်ပြန်ထားသည်။

Dawei Watch