News

POST TYPE

NEWS

သီလဝါ၌ ရင်းနှီးမြှုပ်နှံမှုဝင်ရန် အမေရိကန်သံအမတ် လေ့လာ
28-Sep-2018


ရန်ကုန်၊ စက်တင်ဘာ ၂၇

မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော သီလဝါအထူးစီးပွားရေးဇုန်တွင် အမေရိကန်ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှု ပိုမိုဝင်ရောက်ရန်အတွက် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးက စက်တင်ဘာလ ၂၇ ရက်နေ့၌ ပထမဦးဆုံးအကြိမ်အဖြစ် လာရောက်လေ့လာခဲ့သည်။

အမေရိကန်ပြည်ထောင်စုအနေနှင့် မြန်မာနိုင်ငံ၏ စီးပွားရေးအခွင့်အလမ်းများကို အမြဲစောင့်ကြည့်လေ့လာလျက်ရှိပြီး မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံ နိုင်ခြေရှိသည့် အမေရိကန်ကုမ္ပဏီများအတွက် သီလဝါအထူးစီးပွားရေးဇုန်သည် အခွင့်အလမ်းတစ်ခုဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့မာစီရယ်လ်က ပြောကြားသည်။

“မြန်မာနိုင်ငံမှာ အမေရိကန်ကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားတာက တယ်လီကွန်း၊ စွမ်းအင်၊ စိုက်ပျိုးရေးနဲ့ စားသုံးသူတွေကို ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေကို ဖြစ်တယ်”ဟု ၎င်းက ပြောဆိုသည်။

အမေရိကန်ပြည်ထောင်စုနှင့် ဂျပန်နိုင်ငံတို့အကြား ကာလရှည်ကြာ လက်တွဲလုပ်ဆောင်မည့်ကိစ္စများကို တစ်ကမ္ဘာလုံး အနှံ့အပြားတွင် ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ပြီး ယင်းလက်တွဲပူးပေါင်းဆောင်ရွက်မှုသည် မြန်မာနိုင်ငံအတွက်လည်း အရေးပါမှု ရှိမည်ဖြစ်ကြောင်း စကော့မာစီရယ်လ်က ဆိုသည်။ 

အမေရိကန်သံအမတ်က သီလဝါအထူးစီးပွားရေးဇုန်သို့ လာရောက်လေ့လာခဲ့သည့်အတွက် နောက်ပိုင်းတွင် အမေရိကန်ကုမ္ပဏီများ လာရောက်ရင်းနှီးမြှုပ်နှံရန် မျှော်လင့်ထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး အီချီရိုမာရူယာမာက ပြောကြားသည်။

“ဂျပန်နိုင်ငံနဲ့ အမေရိကန်က မြန်မာနိုင်ငံစီးပွားရေးဖွံ့ ဖြိုးတိုးတက်ရေးကို အာရုံစိုက်တာချင်းအတူတူဖြစ်တဲ့အတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ပြီး မြန်မာနိုင်ငံအတွက် အကူအညီတွေပေးသွားမယ်”ဟု ၎င်းက ပြောဆိုသည်။

လက်ရှိအချိန်တွင် သီလဝါအထူးစီးပွားရေးဇုန်၌ အမေရိကအခြေစိုက် ကွန်တိန်နာလုပ်ငန်းနှင့် ကုန်ပစ္စည်းထုပ်ပိုးမှု လုပ်ငန်းများ (Packaging) လုပ်ကိုင်လျက်ရှိသော Ball ကုမ္ပဏီတစ်ခုသာ ဝင်ရောက်ရင်းနှီးမြှုပ်နှံထားသည်။

လတ်တလောတွင် သီလဝါအထူး စီးပွားရေးဇုန်၌ နိုင်ငံပေါင်း ၁၇ နိုင်ငံမှ စက်ရုံပေါင်း ၉၀ ကျော်ရင်းနှီးမြှုပ်နှံထားပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှာ အထည်ချုပ်လုပ်ငန်း၊ သံမဏိအဆောက်အအုံ ပစ္စည်းထုတ်လုပ်ခြင်းလုပ်ငန်း၊ ဘိလပ်မြေစက်ရုံ၊ ဆောက်လုပ်ရေးနှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံများ၊ စားသောက်ကုန်စက်ရုံများ၊ ဓာတ်မြေဩဇာ ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ လယ်ယာသုံးစက်ပစ္စည်း ထုတ်လုပ်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ၊ မော်တော်ယာဉ်တပ်ဆင်ခြင်းနှင့် မော်တော်ယာဉ်အပိုပစ္စည်း ထုတ်လုပ်သည့်လုပ်ငန်းများ၊ ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာ ပစ္စည်းထုတ်လုပ်သည့် စက်ရုံများဖြစ်သည်။ 

J-01



  • VIA