News

POST TYPE

NEWS

ပင်လယ်ပြင်တွင် သစ်ဖောင်ဖြင့် ၄၉ ရက်ကြာ မျောပါခဲ့သော အင်ဒိုနီးရှားဆယ်ကျော်သက်ကို ကယ်ဆယ်နိုင်ခဲ့
27-Sep-2018


ဂျကာတာ၊ စက်တင်ဘာ ၂၆

ဖောင်ဆိုင်းကြိုး ပြတ်သွားခဲ့ပြီးနောက် ပစိဖိတ်သမုဒ္ဒရာအတွင်း ၄၉ ရက်ကြာ ဖောင်ဖြင့် မျောပါနေခဲ့သော အင်ဒိုနီးရှား ဆယ်ကျော်သက်လူငယ်ကို ဂူအမ်ကျွန်းအနီးတွင် ကုန်သင်္ဘောတစ်စင်း ကကယ်ဆယ်ခဲ့သည်ဟု DW သတင်းတွင် ဖော်ပြထားသည်။ 

အယ်လ်ဒီနိုဗယ်အက်ဒီလန် ၁၉ နှစ်သည် ငါးများကို ဖမ်းယူစားသောက်ခြင်း၊ မိုးရေစိုနေသောအဝတ်မှ ရေကိုသောက်ခြင်းတို့ဖြင့် အသက်ရှင်သန်နိုင်ခဲ့ခြင်းဖြစ်သည်။

အယ်လ်ဒီသည် ရွန်ပေါင်းဟုခေါ်သော ငါးဖမ်းသစ်ဖောင်ပေါ်တွင် တစ်ကိုယ်တော် မီးထွန်းသူအဖြစ် ကမ္ဘာတွင် အထီးကျန်ဆုံးအလုပ်ကို လုပ်ကိုင်ခဲ့သည်ဟု ဂျကာတာပို့စ်က ရေးသားသည်။ ရွန်ပေါင်းဟုခေါ်သော ငါးဖောင်သည် သစ်လုံးများဖြင့်ဖွဲ့ကာ အပေါ်တွင် တဲငယ်တစ်လုံးပါဝင်သော သစ်လုံးဖောင်တစ်မျိုးဖြစ်သည်။ အယ်လ်ဒီ၏အလုပ်မှာ ငါးများကို မြှူရန်အတွက် ဖောင်ပေါ်တွင်နေထိုင်ကာ ခြောက်လခန့် ညစဉ် မီးထွန်းပေးရခြင်းဖြစ်သည်။

အင်ဒိုနီးရှားမြောက်ပိုင်း ဆူလာဝေဆီဒေသ ကမ်းခြေမှ ၇၇ မိုင်အကွာ ကမ်းလွန်ပင်လယ်အတွင်း သွားရောက်လုပ်ကိုင်ရသော အယ်လ်ဒီအတွက် တစ်ခုတည်းသော အဆက်အသွယ်မှာ အပတ်စဉ် ရိက္ခာပို့လာခြင်းနှင့် စကားပြောစက်ဖြင့် ဆက်သွယ်နိုင်ခြင်းတို့ဖြစ်သည်။

သို့ရာတွင် ဇူလိုင် ၁၄ ရက်က လေပြင်းမုန်တိုင်းကြောင့် ဖောင်ဆိုင်းကြိုးပြတ်ကာ အင်ဂျင်မပါ၊ လှော်တက်မပါသော ဖောင်သည် အင်ဒိုနီးရှားနှင့် မိုင်ထောင်ချီဝေးသည့် ဂူအမ်ကျွန်းဘက်ဆီသို့ မျောပါသွားခဲ့သည်။

ရိက္ခာပြတ်သွားသော အယ်လ်ဒီသည် ပင်လယ်ပြင်တွင် ငါးများကိုဖမ်းယူကာ သစ်ဖောင်မှ အပိုင်းအစများကိုမီးမွှေး၍ ချက်ပြုတ်စားသောက်ခဲ့သည်။

အယ်လ်ဒီသည် သင်္ဘောကြီးများကို မြင်သည့်အခါတိုင်း မျှော်လင့်ချက်ထားခဲ့သော်လည်း ဆယ်စင်းမကသော သင်္ဘောကြီးများက ၎င်းကို မြင်လည်းမမြင်၊ ရပ်လည်းမပေးဘဲ ဖြတ်ကျော်ခုတ်မောင်းသွားကြသည်ဟု အိုဆာကာမှ အင်ဒိုနီးရှား ကောင်စစ်ဝန် ဖာဂျာဖားဒေါ့စ်က ဂျကာတာပို့စ်သို့ ပြောကြားသည်။

အယ်လ်ဒီသည် ကြောက်မက်ဖွယ် အတွေ့အကြုံဖြစ်ရပ်အတွင်း အကြိမ်ကြိမ် မျှော်လင့်ချက်မဲ့ခဲ့သည်ဟု ဆိုသည်။

သင်္ဘောကြီးများကို ရပ်ပေးစေရန် ရှပ်အကျီဖြင့် အကြိမ်ကြိမ် ဝှေ့ယမ်းပြခဲ့ရာ ဩဂုတ်လ ၃၁ ရက်တွင် ပနားမားအလံတင် ကုန်သင်္ဘော အာပီဂျီယိုကအယ်လ်ဒီ၏ ဖောင်ကိုတွေ့ရှိသွားကာ ရေဒီယိုဖြင့် ဆက်သွယ်ပြောဆိုရန် ချဉ်းကပ်လာခဲ့သည်။ သို့ရာတွင် ဖောင်အနီးသို့ကပ်ရန် အခက်အခဲရှိသောကြောင့် နောက်ဆုံးတွင် ကြိုးတစ်ချောင်းပစ်ပေးခဲ့ရာ အယ်လ်ဒီက သမုဒ္ဒရာထဲသို့ ခုန်ဆင်းရေကူးကာ အာပီဂျီယိုပေါ်သို့ တက်ရောက်နိုင်ခဲ့သည်။

အာပီဂျီယိုသင်္ဘောက ဂူအမ်ကျွန်း အမေရိကန်စစ်စခန်းသို့ အကြောင်းကြားခဲ့ရာ အယ်လ်ဒီကို အင်ဒိုနီးရှားကောင်စစ်ဝန်ထံ လွှဲပြောင်းပေးနိုင်မည့် ဂျပန်နိုင်ငံသို့ ခုတ်မောင်းရန် ဂူအမ်ကျွန်းစစ်စခန်းက ညွှန်ကြားခဲ့သည်။

အယ်လ်ဒီသည် စက်တင်ဘာလ ၉ ရက်က အင်ဒိုနီးရှားနိုင်ငံမန်နာဒိုမြို့တွင် မိသားစုနှင့် ပြန်လည်ပေါင်းစည်းနိုင်ခဲ့ပြီဖြစ်သည်။ အယ်လ်ဒီ ပြန်လာနိုင်အောင် ကူညီပေးခဲ့ကြသော အာပီဂျီယိုသင်္ဘောသားများနှင့် ဂျပန်အစိုးရတို့ကိုကျေးဇူးတင်ကြောင်း အင်ဒိုနီးရှားတာဝန်ရှိသူများက ပြောကြားခဲ့သည်။  

F-04