News

POST TYPE

NEWS

အိန္ဒိယသင်္ဘောသား အက်ဘီလတ်ရှ်တိုမီကို ပြင်သစ်သင်္ဘောက ကယ်ဆယ်နိုင်ခဲ့
26-Sep-2018


ဆစ်ဒနီစက်တင်ဘာ ၂၅

ကမ္ဘာပတ် Golden Globe ရွက်လှေပြိုင်ပွဲအတွင်း ထိခိုက်ဒဏ်ရာရကာ လူသူအရောက်အပေါက် အနည်းဆုံး ပင်လယ်ပြင်တစ်နေရာတွင် ရွက်လှေဖြင့် မျောပါနေသူ အိန္ဒိယရေတပ်မှ အရာရှိ အက်လီလတ်ရှ်တိုမီကို ပြင်သစ်သင်္ဘောတစ်စင်းက ရှာဖွေတွေ့ရှိကယ်ဆယ်နိုင်ခဲ့သည်ဟု DW သတင်းတွင် ဖော်ပြထားသည်။

ပြင်သစ်သင်္ဘော အော်ဆီရစ်သည် သောင်တင်နေသော အက်ဘီလတ်ရှ်တိုမီ ၃၉ နှစ်ထံရောက်ရှိရန် အိန္ဒိယသမုဒ္ဒရာအတွင်း မိုင်ပေါင်း ၄၆၀ ခန့် သွားရောက်ကာ ရှာဖွေကယ်ဆယ်ခဲ့ခြင်းဖြစ်သည်။

တိုမီသည် Golden Globe ရွက်လှေပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေစဉ် သောကြာနေ့က မုန်တိုင်းအတွင်း ရွက်တိုင်ကျိုးကာ မျောပါနေခဲ့ခြင်းဖြစ်ပြီး ကျောတွင်လည်း ပြင်းထန်သောဒဏ်ရာ ရရှိသွားခဲ့သည်။

ပြင်သစ်သင်္ဘောမှ မော်တော်ဘုတ်များက တိုမီကို ရွက်လှေအတွင်းမှ ကယ်ဆယ်ထုတ်ယူခဲ့ပြီးနောက် တိုမီသည် ကောင်းစွာ သတိရှိနေပြီး အခြေအနေကောင်းမွန်နေသည်ဟု သတင်းထောက်များက ပြောကြားသည်။

အစောပိုင်းတွင် တိုမီသည် ကယ်ဆယ်မည့်သူများအား မက်ဆေ့ချ်ပိုကာ အဆက်အသွယ် ပြုလုပ်နိုင်ခဲ့သည်။ သို့ရာတွင် တိုမီ၏ ဂြိုဟ်တုဖုန်းသည် မုန်တိုင်းအတွင်း ပျက်စီးသွားခဲ့ပြီး ၎င်းရရှိထားသော ဒဏ်ရာကြောင့် နောက်ထပ်ဂြိုဟ်တုဖုန်းတစ်လုံးရှိရာသို့ သွားရောက်နိုင်ခြင်းမရှိသည့်အပြင် ဘက်ထရီများမှာလည်း အားနည်းနေပြီဟု သိရှိရသည်။

ဩစတြေးလျ ရေကြောင်းလုံခြုံရေးအဖွဲ့မှ ညှိနှိုင်းကယ်ဆယ်ရေးတာဝန်ခံ ဖီးလ်ဂါဒင်က “သူ့ကျောမှာ ပြင်းထန်တဲ့ ဒဏ်ရာရရှိထားပြီး လှုပ်ရှားဖို့ ခက်ခဲနေတယ်လို့ ကျွန်တော်တို့ သိရှိထားပါတယ်။ သူ့ရွက်လှေကလည်း ဂီယာစနစ် ချို့ယွင်းပြီး ဆိုးဆိုးဝါးဝါးပျက်စီးနေပါတယ်။ တည်နေရာကလည်း ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် အလှမ်းဝေးလွန်းတဲ့နေရာ ဖြစ်နေပါတယ်”ဟု ပြောကြားသည်။

တိုမီသည် ပတ်သ်၏ အနောက်တောင်ဘက် ၃၅၀၀ ကီလိုမီတာအကွာရှိ ဩစတြေးလျ ရှာဖွေကယ်ဆယ်ရေးဇုန်အတွင်း မျောပါနေခြင်းဖြစ်သည်။

ပြင်သစ်သင်္ဘောက ကယ်ဆယ်လာသော တိုမီကို အိန္ဒိယရေတပ်မှ ဖရီဂိတ်သင်္ဘောတစ်စင်းက လွှဲပြောင်းယူကာ မောရစ်သျှကျွန်းသို့ ဆက်လက်ပို့ဆောင်ပေးခဲ့သည်ဟု အိန္ဒိယကာကွယ်ရေးဝန်ကြီး နာမာလာဆီသာရာမန်က ပြောကြားသည်။

၂၀၁၈ Golden Globe ရွက်လှေပြိုင်ပွဲတွင် ယှဉ်ပြိုင်သူများသည် ပြင်သစ်နိုင်ငံလက်ဆေဘယ်လ် အော်လွန်းမြို့မှ စတင်ထွက်ခွာကာ လပိုင်းအတွင်းကမ္ဘာ တစ်ပတ်ပတ်ရန်အတွက် မိုင်ပေါင်း ၃၀,ဝ၀၀ ခန့်ကို တစ်ကိုယ်တည်းရွက်လွှင့် ဖြတ်သန်းယှဉ်ပြိုင်ကြရသည်။ ရွက်လှေများတွင် နောက်ဆုံးပေါ် ဆက်သွယ်ရေးကိရိယာများမှလွဲ၍ အခြားခေတ်မီစက်ကိရိယာများ တပ်ဆင်ထားခြင်းမပြုပေ။

တိုမီအသုံးပြုသော ရွက်လှေမှာ ၁၉၆၉ ခုနှစ်က ပထမဆုံး Golden Globe ရွက်လှေပြိုင်ပွဲတွင် အနိုင်ရသူ ဗြိတိသျှ ရွက်လှေသမား ရော်ဘင်နော့စ်ဂျွန်စတန် အသုံးပြုခဲ့သော ရွက်လှေကိုပုံစံတူ ပြုလုပ်ထားခြင်းဖြစ်သည်။ 

F-04
 


  • VIA