News

POST TYPE

NEWS

လိုင်စင်မဲ့စက်သုံးဆီအရောင်းဆိုင်များကို အရေးယူမည်
26-Sep-2018



နေပြည်တော်၊ စက်တင်ဘာ ၂၅

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ ပူးပေါင်း၍ လိုင်စင်မဲ့ စက်သုံးဆီအရောင်းဆိုင်များကို တိုင်းနှင့်ပြည်နယ်အလိုက် စစ်ဆေးအရေးယူခြင်းကို ဆောင်ရွက်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီထံမှ သိရသည်။

“တချို့ပြည်နယ်တွေမှာတော့ စစ်ဆေးအရေးယူတာတွေ လုပ်နေပါပြီ၊ စက်သုံးဆီအရောင်းဆိုင်ဖွင့်မယ်ဆိုရင်တော့ လိုအပ်တဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေ ရှိဖို့လိုပါတယ်။ ဥပဒေနဲ့အညီမလုပ်ရင်တော့ ပုဒ်မ ၃၇ အရ အရေးယူမှာဖြစ်တယ်”ဟု စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

စက်သုံးဆီအရောင်းဆိုင် ဖွင့်လိုသူများအနေနှင့် သတ်မှတ်ထားသော လိုင်စင်ခွင့်ပြုမိန့်များကို သက်ဆိုင်ရာဌာနများတွင် လျှောက်ထားရယူပြီး သတ္တုတွင်း ဝန်ကြီးဌာနတွင် စက်သုံးဆီသိုလှောင်ခွင့် လိုင်စင်ကို လျှောက်ထားရမည်ဖြစ်ကာ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းတွင် ဖြန့်ဖြူးရောင်းချခွင့်လိုင်စင်ကို လျှောက်ထားရမည်ဖြစ်သည်။

ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရ လိုင်စင်မရှိဘဲ စက်သုံးဆီဖြန့် ဖြူးရောင်းချလျှင် တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သုံးသိန်းမှ အများဆုံး ကျပ်သိန်း ၅၀ အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည့်အပြင် ပြစ်မှုကျူးလွန်ခြင်းနှင့်သက်ဆိုင်သော ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်ဖြစ်ကြောင်း၊ ထိုပြစ်မှုကို ထပ်မံကျူးလွန်ပါက နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ် ၁၀ သိန်းမှ အများဆုံး ကျပ်သိန်း ၁၀၀ အထိ ငွေဒဏ်ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ခြင်းခံရမည့်အပြင် ပြစ်မှုကျူးလွန်ခြင်းနှင့်သက်ဆိုင်သော ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရမည်ဖြစ်သည်။

ပုဂ္ဂလိကစက်သုံးဆီ တင်သွင်းဖြန့် ဖြူးရောင်းချခြင်းလုပ်ငန်းကို ၂၀၁၀ ခုနှစ်မှစတင်၍ လုပ်ကိုင်ခွင့်ပြုခဲ့ရာ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်အထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စက်သုံးဆီအရောင်းဆိုင် ၂၂၉၀ ရှိပြီး ရန်ကုန်တိုင်းအတွင်း စက်သုံးဆီအရာင်းဆိုင် ၁၃၂ ဆိုင်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းရောင်းချရေးလုပ်ငန်းထံမှ သိရသည်။

J-06