News

POST TYPE

NEWS

နယူးဇီလန် အမျိုးသမီးဝန်ကြီးချုပ် သုံးလအရွယ် ရင်သွေးငယ်နှင့်အတူ ကုလအထွေထွေညီလာခံသို့ တက်ရောက်
26-Sep-2018


ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၅ 

နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပပြုလုပ်သော အထွေထွေညီလာခံသို့ တက်ရောက်ရန် ကမ္ဘာ့နိုင်ငံအသီးသီးမှ ခေါင်းဆောင်များရောက်ရှိလာကြရာ ယင်းခေါင်းဆောင်များထဲတွင် မကြာသေးခင်ကမှ မီးဖွားခဲ့သော နယူးဇီလန်ဝန်ကြီးချုပ် မစ္စဂျာစင်ဒါအာဒန်းနှင့် သူမ၏ ရင်သွေးငယ်တို့လည်း ပါဝင်ကြောင်း သတင်းဌာနများက ရေးသားဖော်ပြသည်။ 

နယူးဇီလန်ဝန်ကြီးချုပ် ဂျာစင်ဒါအာဒန်းသည် တနင်္လာနေ့က အထွေထွေညီလာခံကျင်းပရာ ကုလသမဂ္ဂဌာနချုပ်သို့ ရင်သွေးငယ်၊ သမီးငယ်လေးနှင့်အတူ တက်ရောက်လာကြောင်း မီဒီယာများက ရေးသားဖော်ပြကြသည်။ 

ရင်သွေးငယ်လေး၏ အမည်မှာ နာဗာဖြစ်ပြီး ဖခင်ဖြစ်သူ ကလာ့ခ်ဂေးဖို့လည်း ကလေးကို ပြုစုစောင့်ရှောက်ရန် ဝန်ကြီးချုပ် ဂျာစင်ဒါအာဒန်းနှင့်အတူ လိုက်ပါလာခဲ့သည်။ 

ကုလသမဂ္ဂ၏ ပြောရေးဆိုခွင့်ရှိသူက လုပ်ငန်းတာဝန်များထမ်းဆောင်နေသည့် ကလေးမိခင်တစ်ဦးထက် မည်သူတစ်ဦးတစ်ယောက်မျှ မိမိတိုင်းပြည်အကျိုးကို သယ်ပိုးနိုင်မည်မဟုတ်ဟု ပြောကြားကာ ဝန်ကြီးချုပ် ဂျာစင်ဒါအာဒန်းကို ချီးမွမ်းပြောဆိုလိုက်သည်။ 

သုံးလအရွယ်သာရှိသေးသည့် ရင်သွေးငယ်လေး၏အမည်မှာ နာဗာတီအရိုဟာဖြစ်ပြီး ၎င်းကို ဖခင်ဖြစ်သူ ကလာ့ခ်ဂေးဖို့နှင့်အတူ အထွေထွေညီလာခံကျင်းပရာ ကုလသမဂ္ဂခန်းမဆောင်ထဲသို့ ဝင်ရောက်ခွင့်ပြုခဲ့သည်။

ဂျာစင်ဒါအာဒန်းသည် နယူးဇီလန်နိုင်ငံ၏ အသက်အငယ်ဆုံး အမျိုးသမီးဝန်ကြီးချုပ်ဖြစ်သလို ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်စဉ် ကလေးမီးဖွားသော ပထမဆုံး ဝန်ကြီးချုပ်လည်းဖြစ်သည်။ 

အသက် ၃၈ နှစ်အရွယ်ရှိ ဂျာစင်ဒါအာဒန်းသည် လွန်ခဲ့သည့် တစ်နှစ်ခွဲခန့်က နယူးဇီလန်ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရပြီးနောက် ကမ္ဘာ့နိုင်ငံများ၏ အလေးထား စောင့်ကြည့်ခြင်းခံခဲ့ရသည်။ 

ဂျာစင်ဒါအာဒန်း၏ ပြုမူလုပ်ကိုင်မှုများနှင့် နေထိုင်မှုစရိုက်များက အမျိုးသမီးများအခန်းကဏ္ဍ ပိုမိုကြီးမားလာရေးအတွက် လှုပ်ရှားသူများအကြား အတုယူစဖွယ်ဖြစ်လာခဲ့သည်။ 

ဝန်ကြီးချုပ် ဂျာစင်ဒါအာဒန်း ယခုလို သုံးလသမီးအရွယ် ရင်သွေးငယ်လေးနှင့်အတူ အထွေထွေညီလာခံသို့တက်ရောက်သည့်သတင်းမှာ အမေရိကန်ပြည်ထောင်စု၊ အထူးသဖြင့် နယူးယောက်မြို့တွင် လူအများ အထူးစိတ်ဝင်တစားရှိကြသည်။ 

CNN ရုပ်သံသတင်းဌာနက မစ္စဂျာ စင်ဒါအာဒန်းနှင့်တွေ့ဆုံကာ စကားဝိုင်းတစ်ခုပြုလုပ်ရန် စီစဉ်ထားပြီးဖြစ်သည်ဟု ဖော်ပြသည်။ 

တနင်္လာနေ့က အထွေထွေညီလာခံ ဖွင့်လှစ်ပွဲတွင် ဂျာစင်ဒါအာဒန်း မိန့်ခွန်းပြောဆိုနေစဉ် ခန်းမဆောင်ထဲ၌ သူမ၏ ရင်သွေးငယ်လေးကိုပွေ့ချီထားသူ ခင်ပွန်းအား မီဒီယာများက ရိုက်ကူးပြသခဲ့သည်။ 

ခင်ပွန်းဖြစ်သူက ၎င်းနှင့် သမီးငယ်လေး နာဗာတို့ ပထမဆုံးအနေနှင့် အထွေထွေညီလာခံတက်ရောက်ရသည့် အကြောင်းစုံကို Twitter တွင် ရေးသားဖော်ပြသည်။ သမီးငယ်လေး နာဗာအတွက် ကုလသမဂ္ဂအဆောက်အအုံထဲသို့ ဝင်ခွင့်ကတ်ပြား (ID) ကိုလည်း Twitter တွင် ဖော်ပြခဲ့သည်။ 

“လူတိုင်းလိုလိုက သမီးလေးနာဗာရဲ့ ကုလသမဂ္ဂဝင်ခွင့်ကတ်ပြားပုံကို ကြည့်ချင်တယ်လို့ တောင်းဆိုကြတဲ့အတွက် ဒီကဝန်ထမ်းတစ်ယောက်ကို ကတ်လေးတစ်ခုလုပ်ဖို့ အကူအညီတောင်းခဲ့ပါတယ်”ဟု ၎င်းက Twitter တွင် ဖော်ပြသည်။ 

ဂျာစင်ဒါအာဒန်းသည် ဇွန်လနှောင်းပိုင်းတွင် ကလေးမီးဖွားခဲ့ပြီးနောက် တစ်လခန့်သာအနားယူခဲ့ပြီး ဩဂုတ်လဆန်းပိုင်းတွင် ဝန်ကြီးချုပ်တာဝန်များကို ပြန်လည်ထမ်းဆောင်ခဲ့သည်။ 

F-01


  • VIA