POST TYPE

NEWS

သထုံတွင် ကျပ်တစ်သောင်းတန်ငွေစက္ကူအတု ကျပ်သိန်း ၁၂၀၀ ကျော်ဖိုးဖမ်းမိ
26-Sep-2018

မော်လမြိုင်၊ စက်တင်ဘာ ၂၅

မွန်ပြည်နယ် သထုံမြို့ လိပ်အင်း ရပ်ကွက် ဝါးတောလမ်း အမှတ် (၂၄၆) တွင် နေထိုင်သော ဒေါ်ဌေးဌေး၏ နေအိမ်တွင် ကျပ်သိန်း ၁၂၀၀ ကျော်ဖိုးရှိ ကျပ်တစ်သောင်း တန်ငွေစက္ကူအတု ၁၂,၅၄၅ ရွက် ဖမ်းဆီးရမိခဲ့ကြောင်း သထုံမြို့မ ရဲစခန်းမှသိရသည်။

ငွေစက္ကူအတု ပြုလုပ်နေကြောင်းသတင်းအရ သထုံခရိုင်မှုခင်းနှိမ်းနင်းရေးဌာနက စက်တင်ဘာလ ၂၄ ရက်နေ့ ညပိုင်းအချိန်တွင် ဝင်ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“မနေ့ညက ၉ နာရီကျော်မှာ ကျွန်တော်တို့သတင်းရလို့ သထုံခရိုင် မှုခင်းဌာနက ရဲအုပ်အောင်သူ ဦးစီးပြီးတော့ ဒေါ်ဌေးဌေးအိမ်ကိုဝင်ရှာတယ်၊ တစ်သောင်းတန် ငွေစက္ကူအတု ၁၂,၅၄၅ ရွက်နဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းမိပါတယ်၊ ဒီငွေတွေက အပြင်ကို မဖြန့်ရသေးပါဘူး၊ ကျွန်တော်တို့ စစ်ဆေးနေဆဲပါပဲ။ တရားခံသုံးယောက်မှာ တစ်ယောက်ကတော့ ထွက်ပြေးနေတယ်၊ နှစ်ယောက်ကိုတော့ ဖမ်းထားတယ်”ဟု သထုံမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးမောင်မောင်က ပြောကြားသည်။

ဒေါ်ဌေးဌေး၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ၎င်း၏နေအိမ်တွင် လာရောက်တည်းခိုနေထိုင်သည့် ဇော်မင်းနိုင် (ခ) ကိုဇော်တို့ထံမှ ထိုငွေစက္ကူအတုများနှင့် ငွေစက္ကူအတုပြုလုပ်သည့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း၊ တစ်သောင်းကျပ်တန် ငွေစက္ကူများ၏တန်ဖိုးမှာ ကျပ် ၁၂၅၄ သိန်း ၅ သောင်းကျပ်ဖြစ်ကြောင်း၊ မိတ္တူကူးရန်ပြင်ဆင်နေသော တစ်သောင်းကျပ်တန် ငွေစက္ကူသုံးရွက်၊ တစ်သောင်းကျပ်တန် မိတ္တူတစ်ခြမ်းကူးထားသည့် A4 စာရွက် ၂၂၀ ရွက်၊ မိတ္တူကူးထားပြီး မဖြတ်တောက်ရသေးသည့် A4 စာရွက် ကိုးရွက်နှင့် colour printer၊ ခဲပြားကပ်ထားသော ဖိစက်နှင့် အခြားဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သထုံမြို့မ ရဲစခန်း၏မှတ်တမ်းအရ သိရသည်။

လက်ရှိတွင် အိမ်ရှင်ဖြစ်သူ အသက် ၅၀ အရွယ် ဒေါ်ဌေးဌေးနှင့် ၎င်းအိမ်တွင် လာရောက်တည်းခိုနေထိုင်သည့် အသက် ၄၆ နှစ်အရွယ် ဇော်မင်းနိုင် (ခ) ကိုဇော်တို့ကို (ပ) ၇၉၅-၂၀၁၈ ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၅/၁၀၆/၁၀၇ တို့ဖြင့် သထုံမြို့မရဲစခန်းက အမှုဖွင့်ထားကြောင်း၊ ဘိုလေးဆိုသူမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း ဒုရဲမှူးမောင်မောင်က ထပ်မံပြောကြားသည်။ 

မွန်ပြည်နယ် သထုံမြို့နယ်တွင် ၂၀၁၇ ခုနှစ်ကလည်း ပုဂ္ဂလိကဘဏ်ဝန်ထမ်း တစ်ဦးထံမှ ငွေစက္ကူအတုများ ဖမ်းဆီးရမိခဲ့ဖူးသည်။ 

R-21