News

POST TYPE

NEWS

ကျိုင်းတုံရှိ အုပ်စုဖွဲ့ရန်ဖြစ်သည့် အလယ်တန်းကျောင်းသူများ ခံဝန်လက်မှတ်ရေးထိုးခိုင်း
26-Sep-2018
ကျိုင်းတုံ၊ စက်တင်ဘာ ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ မီးရထားဘူတာအဟောင်းတွင် အလယ်တန်းကျောင်းသူများ အုပ်စုဖွဲ့ရန်ဖြစ်ပွားမှုမှ ၁၄ ဦးနှင့် မိဘအုပ်ထိန်းသူများကို စက်တင်ဘာလ ၂၅ ရက်နေ့က ခံဝန်ကတိ ရေးထိုးစေခဲ့ကြောင်း ကျိုင်းတုံမြို့နယ် ဒုတိယမြို့နယ် ပညာရေးမှူး ဦးဇော်လင်းက ပြောကြားသည်။

“ကျောင်းပိတ်ရက် တနင်္ဂနွေနေ့က ဘူတာဝင်းထဲမှာ ရန်ဖြစ်ပြီး ကလေးမလေးတစ်ယောက်ကို ရှိခိုးကန်တော့ခိုင်းတဲ့ ရုပ်သံဖိုင် လူမှုကွန်ရက်မှာ တက်လာလို့ စုံစမ်းလိုက်တော့ ၈ တန်းကျောင်းသူလေးတွေ ဖြစ်နေတယ်။ ဒါကြောင့် နောင်ကို ခိုက်ရန်မဖြစ်ပွားဖို့နဲ့ ကျန်တဲ့သူတွေ အတုယူ မမှားစေဖို့ ခံဝန်ကတိရေးထိုးစေတာပါ”ဟု ၎င်းကဆိုသည်။

အဆိုပါ ခိုက်ရန်ဖြစ်ပွားမှုဖြစ်စဉ်တွင် အဓိကပါဝင်ခဲ့သည့် ကျောင်းသူနှစ်ဦး ပညာသင်ကြားနေသည့် ကတ်တောင် အထက်တန်းကျောင်းအုပ်ကြီး ဒေါ်ညွန့်ညွန့်ဌေးက “မျက်နှာမှာအရိုက်ခံရသူနဲ့ ရှိခိုးကန်တော့တောင်းပန်သူ ကျောင်းသူနှစ်ဦးလုံးက တစ်ခုံတည်းအတူ ပညာသင်ကြားနေသူတွေပါ။ ကလေးတွေ ဆက်လက် ပညာသင်ကြားနိုင်ဖို့အတွက်နဲ့ နောက်ထပ်မဖြစ်စေဖို့ ညှိနှိုင်းပြီးဝန်ခံကတိ ရေးထိုးစေတာပါ။ ရှမ်းရိုးရာထုံးစံအရ လိပ်ပြာခေါ် တာတို့၊ နစ်နာကြေးတို့က မိဘချင်းညှိကြရမှာပါ”ဟု ပြောကြားသည်။

ကျိုင်းတုံမြို့ မီးရထားဘူတာ အဟောင်းတွင် စက်တင်ဘာလ ၂၃ ရက် နေ့က မိန်းကလေးငယ်များ ခိုက်ရန်ဖြစ်ပွားကာ မိန်းကလေးတစ်ဦးကို ရှိခိုးကန်တော့ တောင်းပန်ခိုင်းသည့် ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်ပေါ်၌ တက်လာခဲ့ရာ တရားဥပဒေစိုးမိုးမှုနှင့် နိုင်ငံခြားယဉ်ကျေးမှု အတုယူမှုတို့ကို ကျိုင်းတုံမြို့ဒေသခံများနှင့် လူမှုကွန်ရက်သုံးစွဲသူများက ဝေဖန်ပြောဆိုမှုများ ပြုလုပ်ခဲ့ကြသည်။

R-16