News

POST TYPE

NEWS

ရခိုင်မြောက်ပိုင်း နယ်မြေရှင်းလင်းမှုနှင့်ပတ်သက်၍ လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုသော အသုံးအနှုန်းကို အမေရိကန် ရှောင်ရှား
26-Sep-2018

ဝါရှင်တန်၊ စက်တင်ဘာ ၂၅

ရခိုင်မြောက်ပိုင်း နယ်မြေရှင်းလင်းမှုတွင် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားခဲ့သည်ဆိုသော ဘင်္ဂါလီမွတ်ဆလင်များကိစ္စ အချက်အလက်ရှာဖွေရေး အစီရင်ခံစာ တစ်စောင်ကို အမေရိကန်အစိုးရက ထုတ်ပြန်ခဲ့ရာ ဖြစ်စဉ်နှင့်ပတ်သက်၍ လူမျိုးသုဉ်းသတ်ဖြတ်မှု (Genocide) ဟူသည့် အသုံးအနှုန်းကို သုံးစွဲခြင်းမရှိကြောင်း ABC သတင်းဌာနက ဖော်ပြသည်။

ပြီးခဲ့သည့်လက ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်၏ အလားတူ အစီရင်ခံစာတွင် လူသားမျိုးနွယ် အုပ်စုတစ်စုကို အကြမ်းဖက်ဖျက်ဆီးရန် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်သော စစ်ဆင်ရေးသည် လူမျိုးသုဉ်းသတ်ဖြတ်မှုမြောက်ပြီး အဓိကတာဝန်ရှိသော မြန်မာစစ်ခေါင်းဆောင်ပိုင်းကို အရေးယူသင့်ကြောင်း ဖော်ပြခဲ့သော်လည်း ယခုထွက်လာသည့် အမေရိကန်ဘက်မှ သီးခြားစုံစမ်းစစ်ဆေးမှုတွင်မူ Genocide ဖြစ်စဉ်ဟု မသတ်မှတ်ထားပေ။

“ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မကြာသေးမီက အကြမ်းဖက်မှုများမှာ ပြင်းထန်ပြီး ကြီးကျယ်သလို ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်ခဲ့ပြီး လူဦးရေအပေါ် အကြမ်းဖက်ရုံသာမက ရိုဟင်ဂျာ (မူရင်းအသုံးအနှုန်းအတိုင်း) ဒေသခံများကို နှင်ထုတ်ရန် ဦးတည်ခဲ့သည်”ဟု စက်တင်ဘာလ ၂၄ ရက်နေ့တွင် ထုတ်ပြန်သော အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။ 

အမေရိကန်မှ စုံစမ်းစစ်ဆေးသူများသည် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများရှိ ဘင်္ဂါလီဒုက္ခသည်များကို တွေ့ဆုံမေးမြန်းကာ အစီရင်ခံစာကို ပြုစုခဲ့ခြင်းဖြစ်သည်။

“စစ်တပ်၏ စစ်ဆင်ရေးများ ကျယ်ပြန့်မှုနှင့် အတိုင်းအတာကိုကြည့်လျှင် စနစ်တကျပြင်ဆင်ထားပြီး ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်”ဟု ဆိုနိုင်ကြာင်း အစီရင်ခံစာက ဖော်ပြသည်။

ယင်းမှာ လူမျိုးသုဉ်းသတ်ဖြတ်မှု (Genocide) အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ကိုက်ညီမှုရှိကောင်းရှိနိုင်သော်လည်း ယင်းဖြစ်စဉ်မှာ လူမျိုးသုဉ်းသတ်ဖြတ်မှုမြောက်သည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ကြေညာခဲ့ခြင်းမရှိပေ။

လူ့အခွင့်အရေးအုပ်စုများ အတန်ကြာ မျှော်လင့်ခဲ့ကြသော အစီရင်ခံစာကို အမေရိကန်အွန်လိုင်းတွင် တိတ်တဆိတ် ထုတ်ပြန်ပေးခဲ့ပြီး သီးခြားသတင်းထုတ်ပြန်ချက်ပင် ပူးတွဲထုတ်ပြန်ခဲ့ခြင်းမရှိပေ။

ယင်းကိစ္စနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံခြားရေးဌာန တာဝန်ရှိသူတစ်ဦးက ABC သတင်းဌာနသို့ ပြောကြားရာ၌ “အဆိုပါဖြစ်စဉ်များကို ယခင်က ပုံဖော်ခဲ့ကြသည့်အတိုင်းပင် လူမျိုးရေးရှင်းလင်းမှု (Ethnic Cleansing) ဖြစ်ကြောင်းကို ယခုအစီရင်ခံစာတွင် ကောက်ချက်ချနိုင်ခဲ့ကြောင်း” မှတ်ချက်ပေးခဲ့သည်။ ယင်းအသုံးအနှုန်းမှာ ယခင်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တိုင်လာဆင် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက သုံးစွဲခဲ့သော အသုံးအနှုန်းဖြစ်သည်။

အမေရိကန်သည် ယင်းရာဇဝတ်မှုများအတွက် တာဝန်ရှိသူများ တာဝန်ခံရေး လှုံ့ဆော်မှုကို ဆက်လက်အာရုံစိုက်သွားမည် ဖြစ်သည်ဟုလည်း အဆိုပါတာဝန်ရှိသူက ပြောကြားခဲ့သည်။

ယခုဆုံးဖြတ်ချက်မှာ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးမှုရလဒ်ကို ထောက်ခံပြီး အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာ တရားရုံး (ICC) သို့ လွှဲပြောင်းပေးရေး အမေရိကန်က တွန်းအားပေးရေး တိုက်တွန်းနေကြသော ဘင်္ဂါလီအရေး လှုံ့ဆော်သော အဖွဲ့အစည်းများအတွက် စိတ်ပျက်ဖွယ်ဖြစ်ခဲ့ရသည်။ အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဂျွန်ဘော်လ်တန်ကပင် ICC ကို ဝေဖန်ပြီး အရေးယူပိတ်ဆို့မည်ဟု မကြာသေးမီ ရက်သတ္တပတ်အတွင်းက ခြိမ်းခြောက်ခဲ့သည်။

“ဒါဟာ အရေးပါတဲ့ လူ့အခွင့်အရေးကိစ္စတစ်ရပ်အပေါ်မှာ အခွင့်အလမ်းတစ်ရပ် သိသာထင်ရှားစွာ လွဲချော်သွားမှုပါပဲ၊ နိုင်ငံတကာဥပဒေအရသွားနေတဲ့ ရာဇဝတ်မှုတွေကို ကိုင်တွယ်ရာမှာ အမေရိကန်က ဘယ်လိုစီစဉ်ထားတယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ စိုးရိမ်စရာ သတင်းစကားလို့ လည်းဆိုနိုင်ပါတယ်”ဟု အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၊ အာရှပစိဖိတ်ရေးရာ လှုံ့ဆော်မှု မန်နေဂျာ ဖရန်စစ္စကို ဘန်ကော့စ်မီက မှတ်ချက်ပေးခဲ့သည်။

“ခြုံပြောရရင်တော့ ခံစားခဲ့ရသူတွေနဲ့ သူတို့ရဲ့မိသားစုတွေအတွက် စစ်မှန်တဲ့ တာဝန်ခံမှုမျိုး ရှာဖွေမပေးနိုင်ရင်တော့ အမေရိကန်ပြည်ထောင်စုရဲ့ စကားလုံးတွေဟာ ဘာအဓိပ္ပာယ်မျှ မရှိပါဘူး”ဟု ဘန်ကော့စ်မီက သုံးသပ်သည်။

ဘင်္ဂလားဒေ့ရှ်ရှိ ဘင်္ဂါလီဒုက္ခသည်များနှင့် လက်ခံထားသည့် ရပ်ရွာအသိုင်းအဝိုင်းအတွက် နောက်ထပ် အမေရိကန် ဒေါ်လာ ၁၅၆ သန်း ပံ့ပိုးပေးသွားမည်ဟု အမေရိကန်က တနင်္လာနေ့တွင် ကြေညာထားသည်။ ယခုအခါ တစ်သန်းနီးပါးရှိနေပြီဆိုသော မြန်မာနိုင်ငံမှ ထွက်ပြေးလာသည်ဆိုသော ဘင်္ဂါလီများအတွက် အကူအညီများ အကြီးအကျယ်လိုအပ်နေသည်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ် နစ်ကီဟေလီက အမေရိကန်သည် “မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်ရှိ ရွှေ့ပြောင်းပုဂ္ဂိုလ်များ၊ ဒုက္ခသည်များနှင့် လက်ခံထားသည့် ရပ်ရွာအသိုင်းအဝိုင်းများအတွက် အသက်ကယ်အကူအညီများ ဦးဆောင်လှူဒါန်းနေသည့် အလှူရှင်ဖြစ်သည်”ဟု ပြောကြားခဲ့သည်။

ယခု တနင်္လာနေ့ ထုတ်ပြန်ချက်အရ အမေရိကန်၏ ရပ်တည်ချက်မှာ ကုလသမဂ္ဂ၏ ရပ်တည်ချက်ထက် ပိုမိုပျော့ပျောင်းသည့်သဘောမျိုး မြင်တွေ့ ခဲ့ရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင်ရှိ ကျပန်းရွေးချယ်ထားသော ဘင်္ဂါလီဒုက္ခသည် ၁၀၂၄ ဦးတို့ကို စစ်တမ်းကောက်ယူပြီး မြန်မာစစ်ဘက်နှင့် လုံခြုံရေးတပ်ဖွဲ့များက ကျူးလွန်ခဲ့သည်ဆိုသော ပြစ်မှုများနှင့်ပတ်သက်၍ လေ့လာခဲ့ခြင်းဖြစ်သည်။

ဖြေဆိုသူ ၈၂ ရာခိုင်နှုန်းခန့်က သတ်ဖြတ်မှုတစ်ခု သို့မဟုတ် ၎င်းတို့အိမ်များ၊ ရွာများဖျက်ဆီးခံရခြင်းကို မြင်တွေ့ခဲ့ရသည် ဟုဖြေကြားခဲ့ကြပြီး ၆၅ ရာခိုင်နှုန်းက အဓမ္မခေါ်ဆောင်သွားခံရမှုများ ရှိခဲ့သည်ဟု ဖြေကြားခဲ့ကြသည်။ ၆၄ ရာခိုင်နှုန်းက မိသားစုဝင်တစ်ဦး သို့မဟုတ် တစ်ရွာတည်းသားတစ်ဦး ထိခိုက်ဒဏ်ရာရသည်ကို မြင်တွေ့ခဲ့ရသည်ဟု ဖြေကြားခဲ့ကြသည်။ ဖြေဆိုသူထက်ဝက်ကျော်ခန့်က လက်နက်ကိုင်တိုက်ခိုက်မှုမျိုး မြင်တွေ့ခဲ့ရသည်ဟု ဖြေဆိုခဲ့သည်။

၅၀ ရာခိုင်နှုန်းကျော်က လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုမျိုး မျက်မြင်ကြုံခဲ့ရသည်ဟု ဖြေဆိုခဲ့ကြပြီး ၄၅ ရာခိုင်နှုန်းက မုဒိမ်းမှုတစ်ခုကို မျက်မြင်တွေ့ခဲ့ရသည်ဟု ဖြေဆိုခဲ့ကြသည်။ ၁၈ ရာခိုင်နှုန်းခန့်က စုဖွဲ့မုဒိမ်းကျင့်မှုမျိုးမြင်တွေ့ခဲ့ရသည်ဟု တုံ့ပြန်ခဲ့ကြသည်။ ငါးပုံတစ်ပုံခန့်က လူ ၁၀၀ ကျော် သေဆုံး သို့မဟုတ် ဒဏ်ရာရသော ဖြစ်စဉ်မျိုးမြင်တွေ့ခဲ့ရသည်ဟု ဖြေဆိုခဲ့ကြသည်။

“လူမျိုးသုဉ်းသတ်ဖြတ်မှု” (genocide) ဟု သတ်မှတ်ရန်မှာ ရှုပ်ထွေးသော ဥပဒေပိုင်းဆိုင်ရာ လေ့လာဆန်းစစ်မှုများ လိုအပ်ပြီး ဥပဒေပိုင်းဆိုင်ရာ သတ်မှတ်ချက်များအတိုင်း အရေးယူဆောင်ရွက်ရန် လိုအပ်သောကြောင့် ယခုဖြစ်စဉ်မျိုးကို “လူမျိုးသုဉ်းသတ်ဖြတ်မှု”ဟု အမေရိကန်က အလွယ်တကူသတ်မှတ်လေ့မရှိပေ။

၁၉၄၈ ဂျနီဗာကွန်ဗင်းရှင်းကို လက်မှတ်ထိုးထားသည့် နိုင်ငံဖြစ်သော အမေရိကန်သည် လူမျိုးသုဉ်းသတ်ဖြတ်မှု ဆိုသည်မှာ နိုင်ငံတကာဥပဒေအရ လက်မှတ်ထိုးထားသည့် နိုင်ငံများက ကာကွယ်ရန်၊ ပြစ်ဒဏ်ပေးရန်လိုအပ်သော ပြစ်မှုမျိုးဖြစ်သည်ဆိုသောအချက်ကို သဘောတူထားသည်။ သို့သော်လည်း အခြားနိုင်ငံတစ်နိုင်ငံတွင်ဖြစ်ပွားသည့် လူမျိုးသုဉ်းသတ်ဖြတ်မှုအတွက် နိုင်ငံအသီးသီးက မည်သို့ တာဝန်ရှိသည်ဆိုခြင်းကို သဘောတူညီချက်တွင် ဖော်ပြထားခြင်းမရှိပေ။

အိုဘားမားအစိုးရလက်ထက်ကမူ အီရတ်တွင် IS အဖွဲ့က ဘာသာရေး လူနည်းစုများအပေါ် ကျူးလွန်ခဲ့မှုများမှာ လူမျိုးသုဉ်းသတ်ဖြတ်မှု မြောက်သည်ဟု သတ်မှတ်ခဲ့သော်လည်း ယင်းသို့သတ်မှတ်ခြင်းကြောင့် အမေရိကန်တွင် အထူးတလည် တာဝန်ဝတ္တရားမရှိဟု ဆုံးဖြတ်ခဲ့သည်။

F-03