News

POST TYPE

NEWS

ပုသိမ်မြစ်ကူးတံတားသစ် စီမံကိန်းတွင်ပါဝင်သည့် အိမ်ရာများ၏ လျော်ကြေးနှင့်ပတ်သက်၍ စီမံချက်ရေးဆွဲမည်
25-Sep-2018
ပုသိမ်၊ စက်တင်ဘာ ၂၄ 

ဧရာဝတီတိုင်း ပုသိမ်မြစ် (ငဝန်မြစ်ကူး) တံတားသစ်တည်ဆောက်ရေး စီမံကိန်းဧရိယာအတွင်းက ဖျက်သိမ်းရမည့် နေအိမ်နှင့် အဆောက်အအုံများပြောင်းရွှေ့ရေးတွင် ဒေသခံပြည်သူများ မနစ်နာစေရေးအတွက် လျော်ကြေးပေးအပ်ခြင်းနှင့်ပတ်သက်၍ စီမံချက်တစ်ရပ်ရေးဆွဲ ဆောင်ရွက်မည်ဖြစ်ကြောင်း လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောကြားသည်။

“ရုတ်တရက် ပြောင်းရွှေ့ရတယ်ဆိုရင် အခက်အခဲတွေရှိမယ်၊ ဘယ်လိုလုပ်ပေးရမလဲ၊ ဘယ်လိုလုပ်မလဲဆိုတာ ပြည်သူရဲ့ သဘောထားနဲ့လုပ်မယ်၊ နေရာ ရွေးချယ်ထားတာကအစ ပြောမှာပါ၊ ကျွန်တော်တို့ သဘောထား တစ်ခုတည်းနဲ့ မလုပ်ပါဘူး၊ ကြိုတင်အစီအမံတွေနဲ့ လုပ်သွားမှာပါ၊ အချက်အလက်လွဲနေတာမျိုးနဲ့ ကျွန်တော်နဲ့ ဆွေးနွေးစရာရှိတဲ့အခါမျိုးမှာ အချိန်မရွေးလာခဲ့ပါ၊ ပြောပါ”ဟု ဝန်ကြီးက ပြောဆိုသည်။

တံတားဆောက်မည့် ဧရိယာအတွင်း ပါဝင်သည့် အဆောက်အအုံများနှင့် ပတ်သက်၍ လတ်တလော စီမံချက်တစ်ခု ရေးဆွဲနေဆဲဖြစ်ပြီး လျော်ကြေးပမာဏကို လက်ရှိအချိန်အထိ သတ်မှတ်ထားခြင်းမရှိသေးကြောင်း ယင်းတိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

တံတားသစ်တည်ဆောက်မည့် ဧရိယာအတွင်း စစ်တမ်းကောက်ယူရာတွင် အဆောက်အအုံပါဝင်မှု၊ တည်နေရာ၊ သက်မွေးကျောင်းလုပ်ငန်းစသည့် အချက်အလက်များလွဲမှားနေသဖြင့် တည်ဆောက်ရေး ဧရိယာအတွင်း ပါဝင်နေသူများက စိုးရိမ်ကြောင့်ကြမှုများ ရှိနေကြောင်း အိမ်ထောင်စု ၅၀ ၏ ကိုယ်စားတံတား သစ်တည်ဆောက်မည့် ဧရိယာအတွင်း တိုက်အိမ်နှင့် ခြံမြေပါဝင်နေသူ ဒေါက်တာ ခင်မောင်ထွေးက ပြောကြားသည်။

“တံတားဆောက်မယ့် အစီအစဉ်ကို ကြိုဆိုလက်ခံပါတယ်၊ တစ်ဖက်သောင်ထွန်း၊ တစ်ဖက်ကမ်းပြို ဆိုသလိုပါပဲ၊ တံတားတည်ဆောက်မှုကြောင့် ရွှေ့ပြောင်းပေးရမယ့် အိမ်ထောင်စုတွေရဲ့ လူမှုဘဝအခြေအနေတွေ နစ်နာမှုမရှိရေးအတွက် တာဝန်ခံမှု တာဝန်ယူမှုရှိရေးအတွက် ဆွေးနွေးခဲ့ပါတယ်”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

လက်ရှိအသုံးပြုနေသည့် ပုသိမ်မြစ်ကူးကြိုးတံတားမှာ ခံနိုင်ဝန်လျော့ကျနေပြီး တန် ၂၀ အောက် ယာဉ်များသာ ဖြတ်သန်းသွားလာခွင့်ပြုထားကြောင်း ခံနိုင်ဝန်ကြံ့ခိုင်မှု မြှင့်တင်ရေးအတွက် တံတားအသစ်ပြီးစီးပါက တံတားဟောင်းကို အကြီးစားပြုပြင်မှုများပြုလုပ်မည်ဖြစ်ကြောင်း ဧရာဝတီတိုင်းအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ပုသိမ်မြစ်ကူးတံတားသစ်ကို ပုသိမ်မြို့ ရွှေမြင်တင်ရပ်ကွက်၊ လက်ရှိပုသိမ် ကြိုးတံတား၏ ညာဘက်ခြမ်းနှင့် ဘယ်ဘက်ခြမ်း၊ မေတ္တာဦး တံတားထိပ်၊ ကျောက်ငူ ရပ်ကွက်စသည့် နေရာ ၅ ခု အနက် ငဝန်မြစ် အကျယ် ၁၀၁၀ ပေရှိသည့် ပုသိမ်မြို့လယ်ကောင်ရှိ မေတ္တာဦး ဆိပ်ခံတံတားထိပ်နေရာမှ ပုသိမ်တစ်ဖက်ကမ်း စိန်ကုန်း ဇက်ဆိပ်ဟောင်းနေရာကို ဆက်သွယ်တည်ဆောက်ရန် ဇူလိုင်လအတွင်းက လျာထားသတ်မှတ်ခဲ့ကြောင်း တိုင်းအစိုးရအဖွဲ့ထံမှသိရသည်။

ယင်း တံတားတည်ဆောက်မည့် ဧရိယာအတွင်းပါဝင်နေသည့် အိမ်ထောင်စု ၅၀ နှင့် တိုင်းအစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာနမှ ကိုယ်စားလှယ်များသည် စက်တင်ဘာလ ၂၁ ရက်နေ့က ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် တွေ့ဆုံခဲ့ကြသည်။

R-12