News

POST TYPE

NEWS

တစည ပါတီဝင် အရေအတွက် သုံးသိန်းခန့် လျော့ကျ
24-Sep-2018



ရန်ကုန်၊ စက်တင်ဘာ ၂၄

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ စတင်တည်ထောင်စဉ်က ပါတီဝင်အင်အား ခုနှစ်သိန်းကျော်ထိ ရှိခဲ့သော်လည်း ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီများ ပေါ်ထွန်းလာသည်အတွက် ပါတီဝင် လေးသိန်းခန့်သာ ကျန်တော့ကြောင်း ပါတီဒုတိယဥက္ကဌဖြစ်သူ ဦးဟန်ရွှေက ပြောကြားသည်။

တစည ပါတီ တည်ထောင်ခြင်း နှစ် (၃၀) ပြည့်သည့် အခမ်းအနားကို ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ပါတီဌာနချုပ်ရုံးတွင် ပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးမတိုင်မီ မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

“အချို့ပြည်နယ်တွေဆို မွန်တို့ ရှမ်းတို့ဆို ပါတီ တစ်ခုတည်း မဟုတ်ဘူး။ တိုင်းရင်းသားပါတီတွေ အများကြီးထောင်လာတဲ့အခါ တိုင်းရင်းသားအချင်းချင်း ဝင်ကြတော့ ပါတီဝင်တွေ လျော့ကျသွားတယ်”ဟု ၎င်းက ဆိုသည်။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တ.စ.ည) သည် ယခင် ဗိုလ်ချုပ်ကြီးနေဝင်း စစ်အစိုးရလက်ထက်က ဖွဲ့စည်းခဲ့သည့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) ကို အမည်ပြောင်းလဲကာ ဖွဲ့စည်းခဲ့သည့် ပါတီတစ်ခုဖြစ်သည်။

ယင်းပါတီ အနှစ် (၃၀) ပြည့် အခမ်းအနားတွင် ပါတီနာယကများ၊ ဒေသအသီးသီးက ပါတီ ဗဟိုကော်မတီဝင်များ ဖိတ်ကြားထားသည့် နိုင်ငံရေးပါတီများ စုစုပေါင်းအင်အား တစ်ထောင်နီးပါး တက်ရောက်ခဲ့သည်။

လက်ရှိတွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီတွင် လွှတ်တော်အတွင်း ဝင်ရောက်နိုင်သူ တစ်ဦးသာရှိပြီး ကချင်ပြည်နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးသာ တစည ကိုယ်စားပြုအနေနှင့် ရှိနေသည်။

J-08