POST TYPE

NEWS

ကညနရုံးများတွင် ယာဉ်မှန်၊မမှန် စစ်ဆေးပေးမှု စီးရေတိုးလက်ခံမည်
24-Sep-2018

ရန်ကုန်၊စက်တင်ဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကညနရုံးများ၌ အောက်တိုဘာလ ၁ ရက်မှစ၍ ယာဉ်မှန်၊ မမှန်စစ်ဆေးခံမည့် မော်တော်ယာဉ်များကို တစ်ရက်လျှင် ၁၀ စီး တိုးမြှင့်စစ်ဆေးပေးမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (မြင်သာ) တိုင်းဦးစီးမှူး ဦးလျန်ကျင့်မန်က ပြောကြားသည်။

“လာစစ်ဆေးခံတဲ့ ယာဉ်တွေက များလာတယ်။ အဓိက Online က Booking ယူတဲ့ ရက်ချိန်းတွေက အရမ်းဝေးနေတာမျိုးတွေ ဖြစ်နေလို့ တစ်ရက် ၁၀ စီး အစီးရေ တိုးစစ်ပေးဖို့လုပ်တာပါ ၊ အရင်က မြင်သာရုံးမှာ ၄၀ ကျော်၊ ၅၀ စီးလောက် စစ်ပေးတယ်။ အခုတော့ တစ်ရက် ၆၀ လောက်အထိ တိုးစစ်ပေးသွားမှာပါ။ Online က Booking မလုပ်ဘဲနဲ့တော့ စစ်ပေးမှာ မဟုတ်ပါဘူး”ဟု ၎င်းက ဆိုသည်။

အောက်တိုဘာ ၁ ရက်နေ့ မှ စတင်ကာ တိုင်းဒေသကြီးရုံးခွဲ (ရွာသာကြီး) တွင် ၃၅ စီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ရုံး (တောင်ဒဂုံ) တွင် ၄၅ စီး၊ ရန်ကုန်အနောက်ပိုင်း ခရိုင်ရုံး (မြင်သာ) တွင် ၆၀စီး၊ရန်ကုန်တောင်ပိုင်းခရိုင်ရုံး (သန်လျင်) တွင် ၃၅ စီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်ရုံး (အင်းစိန်) တွင် ၄၀ စီး နေ့စဉ်စစ်ဆေးပေးမည်ဖြစ်သည်။

ယာဉ်မှန်၊မမှန် စစ်ဆေးလိုသူများကို ကျပ် ၅၀၀၀ နှုန်းဖြင့် လတစ်လ၏ ၂၅ ရက်အတွင်း လာရောက်စစ်ဆေးရန် သတ်မှတ်ခဲ့ရာမှ ဩဂုတ်လ ၂၀ ရက်က ယာဉ်မှန်/မမှန်စစ်ဆေးရန် Online Booking စနစ်ဖြင့် ဆောင်ရွက်ခဲ့ကာ ထပ်မံ၍ စီးရေတိုး စစ်ပေးခြင်းကို ဆောင်ရွက်ခြင်းဖြစ်သည်။

လက်ရှိတွင် Online Booking စနစ်ဖြင့် စာရင်းပေးသွင်းပြီး အမှန်တကယ် လာရောက်၍ ယာဉ်စစ်ဆေးခံယူမှုမှာ ၆၀ ရာခိုင်နှုန်းသာရှိပြီး Booking ယူပြီး လာရောက်မစစ်ဆေးခြင်းကြောင့် လုပ်ငန်းဆောင်ရွက်မှု အခက်ခဲဖြစ်စေသည့်အတွက် အမှန်တကယ် စစ်ဆေးမည့်ယာဉ်ပိုင်ရှင်များသာ စာရင်းပေးသွင်းစေလိုကြောင်းနှင့် Online Booking စနစ်ဖြင့် စာရင်းပေးခြင်းကို အလေးထား ဆောင်ရွက်စေလိုကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ယာဉ်မှန်/မမှန်စစ်ဆေးရာတွင် ယာဉ်၏ဘောင်အမှတ်နှင့် ယာဉ်တစ်စီး၏ အထောက်အထားများဖြစ်သည့် Certificate of Vehicle Registration (CVR)၊ Vehicle Inspection Sticker(VIS)၊ ယာဉ်မှတ်ပုံတင်စာအုပ် စသည်တို့ကို တိုက်ဆိုင်စစ်ဆေးခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၈ ခုနှစ်တွင် တရားမဝင်လိုင်စင်မဲ့ယာဉ် စစ်ဆေးဖမ်းဆီးရာ တစ်ရက်လျှင် တန်ဖိုးကျပ်သိန်း ၁၀၀ မှ ၂၀၀ အထက်ရှိ မော်တော်ယာဉ်နှစ်စီးနှုန်း ဖမ်းဆီးရမိကြောင်း အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် တရားဝင်မှတ်ပုံတင်ပြုလုပ်သည့် မော်တော်ယာဉ်အစီးရေ ကိုးသိန်းကျော်ရှိပြီး ယာဉ်မောင်းလိုင်စင် ရှစ်သိန်းကျော် ထုတ်ပေးထားပြီဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

J-06