News

POST TYPE

NEWS

ရွှေတင်ပို့၊တင်သွင်းသည့်လုပ်ငန်းစဉ်ဆောင်ရွက်မည့် One Stop Service Centre ဖွင့်
24-Sep-2018

ရန်ကုန်၊စက်တင်ဘာ ၂၄

ရွှေနှင့်လက်ဝတ်ရတနာများ ပြည်ပနှင့်တင်ပို့၊ တင်သွင်းခြင်း ပြုလုပ်ရာတွင် တစ်နေရာတည်း အပြီးအပြတ်လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်မည့် One Stop Service Centre ကို ရန်ကုန်မြို့ပြည်သူ့ဥယျာဉ်ရှိ Myanmar Culture Valley ၌ စက်တင်ဘာလ ၂၄ ရက်နေ့က စတင်ဖွင့်လှစ်လိုက်သည်။

ပြည်ပနှင့် ရွှေတရားဝင်တင်ပို့၊ တင်သွင်းခြင်းကို စက်တင်ဘာလ ၃ ရက်နေ့၌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက အပြီးသတ်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ယခုပထမဆုံးစတင်ဖွင့်လှစ်လိုက်သည့် One Stop Service Centre တွင် ရောင်းဝယ်သည့်စနစ်ကို ဘဏ်များနှင့် ချိတ်ဆက်ကာ ငွေသားကိုင်ဆောင်ရန်မလိုသည့် ဝန်ဆောင်မှုပေးသည့် နည်းစနစ်ဖြင့် လုပ်ဆောင်မည်ဖြစ်ကြောင်း ယင်းစင်တာဖွင့်ပွဲသို့ တက်ရောက်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ရွှေ၊ရွှေဖြင့်ပြုလုပ်သော လက်ဝတ်ရတနာများနှင့် အသုံးအဆောင်ပစ္စည်းများ ရောင်းဝယ်နိုင်ရန် ပထမဦးဆုံးအနေနှင့် တရားဝင်သယ်ဆောင်ရောင်းချနိုင်ခွင့် လိုအပ်ကြောင်း၊တစ်နေရာတည်းတွင် ဝန်ဆောင်မှုပေးရာ၌ အစိုးရဌာနဆိုင်ရာများနှင့် ကုမ္ပဏီများ ပူးပေါင်းဆောင်ရွက်ရန် ၎င်းက ပြောဆိုသည်။

တရားမဝင်ဈေးကွက်မှ တရားဝင်ဈေးကွက်သို့ ပြောင်းလဲနိုင်သည့်အတွက် နိုင်ငံအတွက် အခွန်မှန်မှန်ကန်ကန်ရရှိစေနိုင်ပြီး ပြည်ပသို့တရားဝင်တင်ပို့ခွင့်ရသည့်အတွက် ကောင်းမွန်ကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောကြားသည်။

One Stop Service Centre ကို အစိုးရဌာနဆိုင်ရာများနှင့် ပုဂ္ဂလိကအသင်းအဖွဲ့များ ပူးပေါင်းကာ နေ့ချင်းပြီး ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်း ယင်းစင်တာထံမှသိရသည်။

J-05