News

POST TYPE

NEWS

မဟာဂန္ဓာရုံမှ ဦးသောဘိတ (အလင်္ကာကြယ်) ကို ၆၆ (ဃ) ဖြင့်အမှုဖွင့်
24-Sep-2018


မန္တလေး၊ စက်တင်ဘာ ၂၃

တပ်မတော်နှင့် တပ်မတော်သားများအပေါ် သိက္ခာကျဆင်းစေမည့် ပုတ်ခတ်ရေးသားမှုများ လူမှုကွန်ရက် စာမျက်နှာတွင် တင်ခဲ့သည်ဟုဆိုကာ တပ်မတော်သားတစ်ဦးက ရွှေဝါရောင်ဆရာတော် ဦးသောဘိတ (အလင်္ကာ ကြယ်) ကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ထားကြောင်း အမရပူရ မြို့မရဲစခန်းထံမှသိရသည်။

“တပ်မတော်နဲ့ တပ်မတော်သားတွေကို ဂုဏ်သိက္ခာကျဆင်းအောင်လုပ်တယ်လို့ ပြောပါတယ်။ စွဲတာကတော့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က စွဲဆိုထားတာဖြစ်ပါတယ်”ဟု မြို့မစခန်းမှူး ဒုရဲမှူးဆန်းဝင်းက အတည်ပြုပြောကြားသည်။

အမရပူရမြို့နယ် ဆင်စွယ်ပွတ် ရပ်ကွက် မဟာဂန္ဓာရုံကျောင်းတိုက်တွင် သီတင်းသုံးသည့် ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်) သည် စက်တင်ဘာ ၉ ရက်နေ့က လူမှုကွန်ရက်စာမျက်နှာတွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က မြတောင် ကျောင်းတိုက်အတွင်း ဆေးကုသပေးမှုနှင့်ပတ်သက်ပြီး တပ်မတော်အနေနှင့် ယင်းလုပ်ငန်းများအတွက်ပါ ဘတ်ဂျက်ထည့် တောင်းခြင်းကိစ္စကို နောင်နှစ်ခါများတွင် မလုပ်ကြရန် မရောင်ရာ ဆီမလူးကြရန် ရေးသားခဲ့သည်ဟုဆိုကာ တိုင်ချက်ဖွင့်ထားခြင်းဖြစ်သည်။

ဆရာတော်သည် စက်တင်ဘာ ၁၁ ရက်နေ့ကလည်း “တပ်မတော်စွမ်းမှ တိုင်းပြည်အေးချမ်းမည် ဗီနိုင်းဆိုင်းဘုတ်၏နောက်တွင် ခြေအတုတပ်ဆင်ထားသော စစ်မှုထမ်းဟောင်း ပုဆိုးဝတ်ပုံအားတင်၍ ပုံ၏အပေါ်တွင် တပ်မတော်က မစွမ်းဘဲ ခိုးနေတော့ တိုင်းပြည်မွဲတာပေါ့”ဟု ရေးသားခဲ့သည်။

စက်တင်ဘာ ၁၆ ရက်နေ့ကလည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က နို့စားနွားမွေးမြူရေးခြံအတွင်း တပ်မတော်၏ မွေးမြူရေးလုပ်ငန်း စစ်ဆေးမှုပုံကိုတင်ကာ ပုံ၏အပေါ်တွင် နွားခြံထဲ နွားဝင်နေသည်ဟု ရေးသားခြင်း၊ ဘားအံအကျဉ်းထောင်မှ ထောင်ဖောက်ပြေးသည့် အကျဉ်းသားများ ဝေးဝေးပြေးနိုင်ရန် စီစဉ်ပေးနေသည်ဟုပြောဆိုခြင်း၊ တာဝန်ရှိသူများအပေါ် ပွင့်လင်းမြင်သာစွာ အရေးယူခြင်း၊ မယူခြင်းကလည်း ပြည်ထဲရေးဝန်ကြီးဌာန၏ ကြံစည်မှု ဟုတ်/မဟုတ်နှင့် အကယ်၍ ကြံစည်မှုအမှန်ဖြစ်ခဲ့လျှင် ပြည်ထဲရေးကလည်း တပ်ချုပ်အမိန့်မပါဘဲ လုပ်ရဲမည် မဟုတ်ဟု ရေးသားခြင်း၊ တစ်ဆက်တည်းမှာပင် နယ်စပ်ရေးရာ မလုံခြုံခြင်းသည် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တွင် အဓိကတာဝန်ရှိသည်။ ပြည်ထဲရေးမတည်ငြိမ်ခြင်းသည် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တွင် အဓိက တာဝန်ရှိသည်။ ကာကွယ်ရေးစည်းများ ကျိုးပေါက်နေခြင်းသည် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တွင် အဓိက တာဝန်ရှိသည်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် မင်းအောင်လှိုင်သည် ၎င်းတို့ အုပ်စုကိုယ်တိုင် ရေးဆွဲပြဋ္ဌာန်းခဲ့သော ၎င်းတို့၏ တာဝန်ကဏ္ဍများတွင် တာဝန်ကျေစွာ ထမ်းဆောင်နိုင်ခြင်းမရှိခဲ့ပါ။ ၎င်းတို့သည် ပြည်သူမပေးဘဲ ဇွတ်ယူထားသော တာဝန်များကို မကျေပွန်ကြသော်လည်း အမျိုးဘာသာသာသနာ စသော လူပြိန်းကြိုက် စကားလုံးများကိုတော့ တဖွဖွ သုံးစွဲကြလေသည်ဟု ရေးသားခြင်းများ ပြုလုပ်ခဲ့သည်။

စက်တင်ဘာ ၁၇ ရက်နေ့ ညနေပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် စကားပြောစင်မြင့်တွင် မိန့်ခွန်းပြောနေသည့်ပုံကိုတင်ကာ ပုံ၏အပေါ်တွင် “သဘာဝဘေးထက် စစ်ဘေးက အဆမတန် ပိုဆိုးတယ်ဆိုတာ ခင်ဗျားသိမှာပါ။ ပြည်သူတွေအပေါ် တကယ် စေတနာရှိတယ်ဆိုရင် ပြည်သူတွေမပေးတဲ့ တာဝန်ကို မယူဘဲ နှစ် ၅၀ ကျော် စစ်ဘေးသင့်ခဲ့ရတဲ့ ပြည်သူတွေကို ကိုယ်ချင်းစာသောအားဖြင့် မူလတာဝန်ရှိရာ စစ်တန်းလျားကိုသာ ပြန်ကြပါ”ဟုလည်း ရေးသားခဲ့သည်။

ရွှေဝါရောင်ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်) အနေနှင့် ထိုသို့ ရေးသားခဲ့ခြင်းသည် တပ်မတော်နှင့် တပ်မတော်သားများအပေါ် ဂုဏ်သိက္ခာ ထိခိုက်သည်ဟုဆိုကာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ပြည်သူ့စစ်မှဦးစီးအရာရှိ (ပထမတန်း) ဒုတိယဗိုလ်မှူးကြီး မျိုးခိုင်ဝင်းက အမရပူရမြို့မ ရဲစခန်းသို့ တရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့် ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) ဖြင့် အမှုဖွင့်ပေးထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဆရာတော် ဦးသောဘိတ၏ လက်ကိုင်ဖုန်းသို့ စက်တင်ဘာလ ၂၃ ရက်နေ့ညနေပိုင်းက ဆယ်သွယ်ခဲ့သော်လည်း ဖုန်းပိတ်ထားသည့်အတွက် မေးမြန်းခွင့်မရခဲ့ပေ။

M-04


  • VIA