News

POST TYPE

NEWS

ဂျက်တိုက်လေယာဉ်များ ဝယ်ယူမှုတွင် လာဘ်စားမှုများရှိခဲ့ကြောင်း ပြင်သစ်သမ္မတဟောင်း၏ ထုတ်ဖော်မှုကြောင့် အိန္ဒိယဝန်ကြီးချုပ်မိုဒီ ရာထူးမှနုတ်ထွက်ပေးရန် ဖိအားပေးခံရ
24-Sep-2018


ဒေလီ၊ စက်တင်ဘာ ၂၃ 

၂၀၁၆ ခုနှစ်က ပြင်သစ်နိုင်ငံမှ ရာဖာလာအမျိုးအစား ဂျက်တိုက်လေယာဉ်များ ဝယ်ယူခဲ့ရာတွင် အဂတိလိုက်စားမှုများ ရှိခဲ့သည်ဟူသော သက်သေအထောက်အထားများ ထွက်ပေါ်လာပြီးနောက် အိန္ဒိယအတိုက်အခံ အင်အားစုများက ဝန်ကြီးချုပ်မိုဒီကို ရာထူးမှနုတ်ထွက်ပေးရန် ပြင်းပြင်းထန်ထန် ဖိအားပေးတောင်းဆိုလျက်ရှိကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။ 

ထိုစဉ်က ပြင်သစ်နိုင်ငံမှ ဂျက်တိုက် လေယာဉ်များဝယ်ယူရာတွင် ပြင်သစ်အစိုးရအနေနှင့် အရောင်းအဝယ်ကိစ္စ၌ အိန္ဒိယဘီလီယံနာ သူဌေးတစ်ဦးကို ထည့်ပေးရန် ဝန်ကြီးချုပ်မိုဒီက ပြောဆိုခဲ့သည်ဟု ပြင်သစ်သမ္မတ ဖရန်စစ်ဟိုလန်း (ထိုစဉ်က သမ္မတ) က ထုတ်ဖော်ပြောဆိုလိုက်ပြီးနောက် မိုဒီအပေါ် ဖိအားပေးမှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။ 

ရာအူးဂန္ဓီဦးဆောင်သော အတိုက်အခံ ကွန်ဂရက်ပါတီက ဝန်ကြီးချုပ်မိုဒီသည် အိန္ဒိယနိုင်ငံကို သစ္စာဖောက်ခဲ့သောကြောင့် ရာထူးမှနုတ်ထွက်ပေးရမည်ဟု စနေနေ့က ထုတ်ဖော်ပြောဆိုလိုက်သည်။ 

ပြင်သစ်မှ ရာဇာလာအမျိုးအစား ဂျက်တိုက်လေယာဉ် ၃၆ စင်းဝယ်ယူခဲ့ရာ၌ အိန္ဒိယလူမျိုး ဘီလျံနာသူဌေး အနီအမ်ဘာနီဦးဆောင်သော စီးပွားရေးလုပ်ငန်းစုကို အိန္ဒိယအကျိုးတူ ဖက်စပ်လုပ်ငန်း အဖြစ်ရွေးချယ်ပေးရန် မိုဒီက တောင်းဆိုခဲ့ကြောင်း ပြင်သစ်သမ္မတဟောင်း ဖရန်စစ်ဟော်လန်းက ထုတ်ဖော်ခဲ့သည်။ 

ယင်းကိစ္စနှင့်ပတ်သက်၍ အတိုက်အခံခေါင်းဆောင် ရာအူးဂန္ဓီက “ဝန်ကြီးချုပ်အနေနဲ့ ပြင်သစ်သမ္မတဟောင်း ဟော်လန်းရဲ့ အပြောကိုလက်ခံမလား ဒါမှမဟုတ် မစ္စတာဟောလန်းက လိမ်ညာနေတာပါလို့ ပြောပြီး အမှန်တရားဘာလဲဆိုတာကို ထုတ်ဖော်ပြောဆိုမလား”ဟု ရာအူးဂန္ဓီက ဒေလီတွင်ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။ 

ယခုကိစ္စသည် ဝန်ကြီးချုပ်ရုံး၏ ဂုဏ်သိက္ခာနှင့်ပတ်သက်သော မေးခွန်းဖြစ်သလို အိန္ဒိယလေတပ်နှင့် နိုင်ငံရေးသမားများ၏ အနာဂတ်နှင့်ပတ်သက်သော မေးခွန်းလည်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

“ဒါဟာ ကျွန်တော်တို့ရဲ့ ဝန်ကြီးချုပ်ဖြစ်သူဟာ သူခိုးတစ်ယောက်ဖြစ်ပါတယ်လို့ ပြင်သစ်သမ္မတဟောင်းတစ်ယောက်ရဲ့ ပထမဆုံးစွပ်စွဲချက်တစ်ရပ်ပဲဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။ 

ပြင်သစ်မီဒီယာများက သောကြာနေ့က ရေးသားဖော်ပြကြရာတွင် ရာဇာလာ ဂျက်တိုက်လေယာဉ်များ ဝယ်ယူရာ၌ ဘီလျံနာသူဌေးကြီး အနီအမ်ဘာနီ၏ Reliance အုပ်စုကို စီးပွားရေးမိတ်ဖက် အဖြစ်ထည့်သွင်းပေးရန် ဝန်ကြီးချုပ်မိုဒီက ပြင်သစ်အစိုးရကို ပြောဆိုခဲ့သည်ဟု ဖော်ပြသည်။ 

“ဝန်ကြီးချုပ်မိုဒီဟာ ခင်ဗျားတို့ အိတ်ထောင်ထဲက ပိုက်ဆံကိုယူပြီး အနီအမ်ဘာနီရဲ့ အိတ်ထောင်ထဲကိုထည့်လိုက်ပြီးတော့ ဘာမှမပြောဘဲ ပါးစပ်ပိတ်နေတယ်ဆိုတာပဲ ကျွန်တော်ပြောချင်တယ်”ဟု ရာအူးဂန္ဓီက ပြောကြားသည်။ 

ပြင်သစ်သမ္မတဟောင်း မစ္စတာဟော်လန်းက “ကျွန်တော်တို့မှာ ရွေးချယ် စရာမရှိဘူး၊ ကျွန်တော်တို့ကို စာရေးပေးထားတဲ့သူကိုပဲ ရွေးပြီး ပါဝင်ပတ်သက်ခွင့် ပေးရတာ”ဟု စုံစမ်းဖော်ထုတ်သည့် သတင်းများရေးသားသည့် Mediapart ဝက်ဆိုက်သို့ ပြောကြားသည်။ 

အိန္ဒိယနိုင်ငံရေးပါတီများကမူ အဆိုပါ ပြင်သစ် ဂျက်တိုက်လေယာဉ်များ ဝယ်ယူသည့်ကိစ္စတွင် ဝန်ကြီးချုပ်မိုဒီသည် ဈေးပိုပေးကာ ဝယ်ယူခဲ့ပြီး အရောင်းအဝယ်ကိစ္စသည် ပွင့်လင်းမြင်သာမှုလည်း မရှိကြောင်း စွပ်စွဲပြောကြားသည်။  

F-01


  • VIA