News

POST TYPE

NEWS

ရေနံချောင်းတွင် ထန်းဖြင့်ဆောက်သည့် ပေ ၂၀၀ ခန့်ရှိ တံတားဖွင့်
24-Sep-2018



မကွေး၊ စက်တင်ဘာ ၂၃

မကွေးတိုင်း ရေနံချောင်းမြို့နယ်အတွင်းရှိ ပင်းချောင်းကို ဖြတ်၍ ပေ ၂၀၀ ခန့် အရှည်ရှိသည့် ထန်းပင်များဖြင့် ဒေသခံများ ကိုယ်ထူကိုယ်ထ တည်ဆောက်ထားသည့် တံတားသစ်ကို စက်တင်ဘာလ ၂၃ ရက်နေ့က စတင်ဖွင့်လှစ်လိုက်သည်။

ရေနံချောင်းမြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့မှ ဒေသခံများသွားလာရေးအဆင်ပြေရန်နှင့် အရေးပေါ်လူနာများ သွားလာနိုင်စေရန်တို့အတွက် ရည်ရွယ်၍ ယင်းတံတားကို တည်ဆောက်ခြင်းဖြစ်ပြီး အဆိုပါ တံတားတည်ဆောက်ရန်အတွက် ရေနံချောင်းမြို့နယ်ရှိ ဒေသခံတောင်သူများက နှစ်သက်တမ်း ၁၀၀ နီးပါးရှိသည့် ထန်းပင် ၂၀၀ လှူဒါန်းခဲ့ပြီး ငွေကြေးများလည်းလှူဒါန်းခဲ့ကြောင်း အဆိုပါဒေသခံများထံမှ သိရသည်။ 

“မိုးကျရင် သွားလာရေး ခက်ခဲတယ်။ နှစ်စဉ် မြွေကိုက်ခံရတဲ့ လူနာတွေနဲ့ ကိုယ်ဝန်ဆောင်တွေ အသက်ဆုံးရှုံးတာတွေရှိတယ်။ ဒေသခံပြည်သူတွေအတွက် ကျန်းမာရေးအရရော စီးပွားရေးအရပါ မြင့်လာမှာ ဖြစ်တဲ့အတွက် ဝမ်းသာပါတယ်”ဟု ရေနံချောင်းမြို့နယ် အရှေ့ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရန်အောင်က ပြောကြားသည်။

မိုးရာသီအတွင်း ပင်းချောင်းရေတက်ပါက ဒေသခံများအတွက် သွားလာရေးခက်ခဲကြပြီး ယခုအခါ အဆိုပါတံတား တည်ဆောက်လိုက်သည့်အတွက် ယင်းအခက်အခဲ ပြေလည်သွားမည်ဖြစ်ကြောင်း မကွေးတိုင်းရှိ ရေနံချောင်း၊ နတ်မောက်နှင့် မန္တလေးတိုင်းရှိ ကျောက်ပန်းတောင်း မြို့နယ်အတွင်းရှိ ကျေးရွာ ၁၅ ရွာမှ ဒေသခံများအတွက် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“ဒေသခံတွေက တာဝန်နဲ့အညီ ကိုယ်ထူကိုယ်ထ လုပ်ဆောင်ပေးတဲ့အတွက် ကျွန်တော်တို့အစိုးရအဖွဲ့ကိုရော၊ အဖွဲ့အစည်းကိုရော ကူညီရာရောက်တဲ့အတွက် ကျေးဇူးတင်ပါတယ်”ဟု ရေနံချောင်းမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသာချိုက ပြောကြားသည်။

R-23