News

POST TYPE

NEWS

လွှတ်တော်ကိုယ်စားလှယ် ၄ ဦး NLD နုတ်ထွက်ခွင့်ပြု
24-Sep-2018

နေပြည်တော်၊ စက်တင်ဘာ ၂၃

လက်ရှိအစိုးရသက်တမ်းတွင် NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ် လေးဦးအထိ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့် (CEC အဖွဲ့ဝင်) က ပြောကြားသည်။

စက်တင်ဘာ ၂၃ ရက်နေ့က နေပြည်တော် စည်ပင်ရိပ်သာတွင် ပြုလုပ်သည့် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး (CEC) အပြီးတွင် ၎င်းက မီဒီယာများကို ပြောကြားခဲ့ခြင်းဖြစ်သည်။

ယခင်က နုတ်ထွက်ခွင့်ပြုလိုက်သူ မအူပင်မဲဆန္ဒနယ်မှ ဦးစိန်ဝင်းနှင့် ဦးသိန်းမောင်အပါအဝင် ယနေ့အစည်း အဝေးဆုံးဖြတ်ချက်တွင် မှော်ဘီမဲဆန္ဒနယ်မှ ဦးဖေချစ်နှင့် မင်းဘူး-စကုနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်းတို့ကို ပါတီမှ နုတ်ထွက်ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

“ပြစ်ချက်ရှိလို့မဟုတ်ပါဘူး။ သူတို့ကိုယ်တိုင်က ဒီမှာပါတီစည်းကမ်းတွေက တင်းကြပ်လွန်းတယ်။ ပါတီကိုပြန်ပြီးတော့ အလှူငွေထည့်နေရတယ်။ ဒါတွေအတွက် လွတ်လွတ်လပ်လပ် လုပ်ချင်တယ်ဆိုပြီး ပါတီကနေ နုတ်ထွက်ခွင့်တောင်းတာပါ။ အဲဒါကို ဒီနေ့အစည်းအဝေးက အတည်ပြုတာပါ။ သူတို့ကို သတိပေးခံရတာမျိုးတွေ မရှိခဲ့ပါဘူး။ သူတို့က ငွေရေးကြေးရေးရယ်၊ လုပ်ကိုင်ရတာ စည်းကမ်းတင်းကြပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နှုတ်ထွက်တာပါ၊ ပါတီစည်းကမ်းကိုတော့ လျှော့ပေးဖို့အကြောင်းမရှိပါဘူး”ဟု ဒေါက်တာမျိုးညွန့်က ရှင်းပြသည်။

လတ်တလောတွင် ထပ်မံ၍ နှုတ်ထွက်ခွင့်ပြုရန် တင်ပြသည့် ပါတီဝင် ကိုယ်စားလှယ်မရှိသေးကြောင်း၊ ပါတီတွင်း စည်းကမ်းနှင့်မညီသောကြောင့် အရေးယူထားသည့် လွှတ်တော်ကိုယ်စားလှယ် ၄၅ ဦး ခန့်ရှိနေကြောင်း ၎င်းက ပြောကြားသည်။

ပါတီတွင်း၌ လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာပါက စီးပွားရေးအရ တွက်ခြေကိုက်ခြင်း၊ သက်တောင့်သက်သာရှိခြင်းတို့ကို မျှော်လင့်မထားဘဲ ပြည်သူ၏ ဆင်းရဲမှုနှင့်အတူ ပင်ပင်ပန်းပန်း လှုပ်ရှားရုန်းကန်ရန် ပါတီက ချမှတ်ထားခြင်းကြောင့် တင်ကြပ်စွာ ဆက်လက်လုပ်ကိုင်မည်ဖြစ်ကြောင်း ဒေါက်တာမျိုးညွှန့်က ထပ်လောင်းပြောကြားသည်။

The Voice အနေနှင့် ပါတီမှ နုတ်ထွက်ခွင့်တင်ခဲ့သူ မကွေးတိုင်း မဲဆန္ဒနယ် အမှတ် (၅) မှ လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်းကို ဆက်သွယ်မေးမြန်းရာတွင် ပါတီဝင်အဖြစ် မခံယူလိုတော့သည့် အကြောင်းအရာဖြင့်သာ ဇွန်လ ၁၁ ရက်က စာတိုက်မှ ပေးပို့ခဲ့ခြင်းဖြစ်ပြီး ပါတီမှ ကောက်ခံငွေ လစဉ် ကျပ်နှစ်သိန်းခွဲကို မပေးလိုခြင်း၊ ပါတီစည်းမျဉ်း တင်းကျပ်ခြင်း စသည့်အကြောင်းအရာများကို ထည့်သွင်းရေးသားမှု မရှိခဲ့ကြောင်း ပြောကြားသည်။

၎င်းအနေနှင့် ပါတီသို့ စာတင်ပြချက်၌ ၂၀၁၂ ခုနှစ်တွင် အဆိုပြုလွှာတင်ခြင်း၊၂၀၁၅ ကိုယ်စားလှယ်လောင်း ဖြစ်ခဲ့သည့် အချိန်မှ ယနေ့အချိန်ထိ ပါတီဝင်အမှတ်၊ အသိအမှတ်ပြုကတ် စသည်များ မရှိသေးသည့်အကြောင်းကိုသာ နုတ်ထွက်စာတွင် ထည့်သွင်းရေးသားထားခြင်းဖြစ်သောကြောင့် ပါတီစည်းကမ်း၊ ငွေကြေးထည့်ဝင်ငွေကိစ္စကို ပါတီမှ တရားဝင်နုတ်ထွက်စာရလျှင် ရှင်းလင်းစွာ ပြောကြားမည်ဖြစ်ကြောင်း ဦးတင်အောင်ထွန်းက ဆိုသည်။

ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်အနေနှင့် လစဉ် ကျပ်နှစ်သိန်းခွဲ ပေးရသည်ထက် ၅၀ ရာခိုင်နှုန်းအထိ ပါတီကို ပြန်လည်ထည့်သွင်းရန် တင်ပြခဲ့ဖူးကြောင်း ၎င်းက The Voice သို့ ပြောပြသည်။

S-01