News

POST TYPE

NEWS

မြေမဖယ်ပေးလို၍ လွိုင်ကော်တွင် ဆန္ဒပြ
23-Sep-2018



တောင်ငူ၊ စက်တင်ဘာ ၂၃

ကယားပြည်နယ် လွိုင်ကော်မြို့နယ် မြကလပ်တောင် အနောက်ဘက်ရှိ မြေများကို အစိုးရအဆက်ဆက် လက်နက်ကိုင်အဖွဲ့များကို လုပ်ကိုင်ခွင့်ပေးခဲ့သည့်မြေယာများတွင် နေထိုင်လုပ်ကိုင်သူများကို ယင်းမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ဖယ်ခိုင်းသည်ကို မဖယ်ပေးလို၍ စက်တင်ဘာလ ၂၃ ရက်နေ့က လူအင်အား ၈၀ နီးပါးက ဆန္ဒပြခဲ့သည်။

လွိုင်ကော်မြို့နယ်နန့်ဘော်ဝမ်အုပ်စု အမှတ် ၉ အုပ်စု ၆ မြကလပ်တောင် အနောက်ရှိ မြေယာဧက ၄၈၀ တွင် ၁၉၅၅ ခုနှစ်ခန့်က ကန္တာရဝတီနယ်ရှင်က သာသနာ့မြေအဖြစ် သတ်မှတ်ပေးခဲ့ကာ ၁၉၇၀ ခုနှစ်က ဒေသခံလက်နက်ကိုင်တပ်ဖွဲ့တစ်ခုသို့ လုပ်ကိုင်ခွင့်ချထားပေးခဲ့ပြီး တပ်မတော်အစိုးရလက်ထက်တွင် လက်နက်ကိုင် အဖွဲ့တစ်ခုသို့ ထပ်မံပြီး မြေယာများချထားပေးခဲ့ကြောင်း ယင်းဒေသခံများက ပြောကြားသည်။

“အခုဖြစ်နေတာက အုပ်ချုပ်ရေးဌာနကလည်း တာဝန်မယူသလို ပြည်နယ်အစိုးရကလည်း ခေါင်းရှောင်နေတယ်။ ဒီမြေက သာသနာ့မြေလို့ပြောနေပေမယ့် လက်ရှိနေထိုင်လုပ်ကိုင်နေသူတွေက သီးနှံပြေစာတွေ ရှိပါတယ်။ ဆိုလိုတာက ဒီမြေကမရွှေ့လိုတဲ့အပြင် တိကျတဲ့ကတိတွေလိုချင်တယ်”ဟု ဆန္ဒပြပွဲဦးဆောင်သူ တစ်ဦးဖြစ်သည့် ဂူးဂူးက ပြောကြားသည်။

ထိုမြေအတွင်းနေထိုင်သည့် အိမ်ခြေ ၁၅၀ ကျော် လူဦးရေ ၂၀၀ ကျော်ကို ရွှေ့ပေးရန် လွိုင်ကော်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ အကြောင်းကြားလာသည့်အတွက် ယင်းမိသားစုများအတွက် အခက်ခဲကြုံတွေ့ နေရကြောင်း ၎င်းတို့ထံမှ သိရသည်။

ဆန္ဒထုတ်ဖော်ခြင်းကို မြကလပ်တောင်ခြေမှစတင်ပြီး မြို့တွင်းလမ်းမများပေါ် ဆိုင်းဘုတ်များကိုင်ဆောင်ကာ အဖိနှိပ်ခံများမြေယာရရှိရေး ပြောင်းဖူးလှုပ်ရှားမှုသပိတ် (လက်ရှိမြေနေရာမှမဖယ်ရှာရေး) နှင့် လက်ရှိမြေယာများ တရားဝင် အမည်ပေါက် ရရှိရေးစသည့်ကြွေးကြော်သံများဖြင့် လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ယင်းမြေယာပြဿနာနှင့်ပတ်သက်ပြီး ကယားပြည်နယ်အစိုးရအဖွဲ့စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာ အောင်ကျော်ဋ္ဌေးနှင့် လွိုင်ကော်မြို့နယ် အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေကြားခြင်းမရှိပေ။

R-15