News

POST TYPE

NEWS

မြန်မာ့ခရီးသွားမြှင့်တင်ရန် ကျပ်သိန်းပေါင်း တစ်သောင်းကျော် ရရှိ
23-Sep-2018

ရန်ကုန်၊ စက်တင်ဘာ ၂၂

ခရီးသွားလုပ်ငန်းကဏ္ဍမြှင့်တင်ရေးအတွက် ကျပ်သိန်းပေါင်း တစ်သောင်းကျော် လာမည့်ဘဏ္ဍာရေးနှစ်တွင် တိုးမြှင့်ပေးထားကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်သန်းဝင်းက ပြောကြားသည်။

ယခင်က ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် ရန်ပုံငွေသည် ပျမ်းမျှ ကျပ် သိန်းပေါင်းတစ်ထောင်ခန့်သာ ရရှိခဲ့ခြင်းဖြစ်ပြီး ယခုဘဏ္ဍာရေးနှစ်တွင် တိုးမြှင့်ချပေးရန် စီစဉ်ထားခြင်းဖြစ်ကြောင်း ၎င်းထံက သိရသည်။

“ခရီးသွားမြှင့်တင်ရေးဆိုင်ရာလုပ်ငန်းတွေအတွက် အစိုးရက ဒီနှစ်မှာ ဘတ်ဂျက်တွေ တိုးပြီးတော့ချပေးထားပါတယ်။ ခရီးသည်တွေ ပိုဝင်လာဖို့အတွက် ဈေးကွက်မြှင့်တင်ရေးတွေကို တိုးပြီးလုပ်နေတာအပြင် ဖြေလျှော့သင့်တာတွေလည်း ဖြေလျှော့ဆောင်ရွက်ထားတာတွေ ရှိပါတယ်။ ဒါကြောင့် ဒီနှစ်မှာ ခရီးသည်တွေ ပိုဝင်လာဖို့မျှော်လင့်ထားတယ်”ဟု ၎င်းက ဆိုသည်။

ခရီးသွားလုပ်ငန်းကဏ္ဍမြှင့်တင်ရေးအတွက် တိုးမြှင့်ငွေကို ဌာနတွင်း ကနဦးသဘောတူညီမှုရရှိထားပြီးဖြစ်ကြောင်းနှင့် လွှတ်တော်မှ အတည်ပြုရန်သာလိုတော့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနထံမှ သိရသည်။

မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည် ဝင်ရောက်မှုသည် ၂၀၁၇ ခုနှစ် အတွင်း ၂ ဒသမ ၈ သန်းကျော်သာ ဝင်ရောက်ခဲ့ပြီး အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက နည်းပါးနေခြင်းကြောင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် ရန်ပုံငွေသုံးစွဲမှုကို အမေရိကန်ဒေါ်လာ သိန်းနှစ်ဆယ်အထိ တိုးမြှင့်ပေးရန်လိုကြောင်း ခရီးသွားလုပ်ငန်းဖိုရမ်များတွင် ခရီးသွားဈေးကွက်ကျွမ်းကျင်သည့်လုပ်ငန်းရှင်များက အကြံပြုပြောဆိုထားသည်။

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍသည် လက်ရှိတွင် ကျဆင်းလျက်ရှိနေပြီး ရခိုင်အရေးကိစ္စရပ်များကြောင့် ဥရောပနိုင်ငံများမှ ဧည့်ဝင်ဝင်ရောက်မှုလျော့နည်းခဲ့ပြီး ယင်းကိုမြှင့်တင်ရန် ဂျပန်၊ ကိုရီးယားနိုင်ငံသားများအနေနှင့် ယခုနှစ်အောက်တိုဘာလမှ စတင်၍ ဗီဇာကင်းလွတ်ခွင့်ပြုထားသည်။

ထို့ပြင် ကမ္ဘာသိနာမည်ကျော်ကြားသည့်ပုဂ္ဂိုလ်များကို ခရီးသွားလုပ်ငန်း သံတမန်အဖြစ် ခန့်အပ်မှုများဖြင့် ဈေးကွက်မြှင့်တင်မှုများကိုလည်း ဆောင်ရွက်ထားကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

J-14