News

POST TYPE

NEWS

ရုရှားထံမှ စစ်လက်နက်ဝယ်ယူလိုက်သော တရုတ်စစ်တပ်ကို အမေရိကန် ဒဏ်ခတ်အရေးယူ၊ အရေးယူမှု မဖယ်ရှားပေးပါက နောက်ဆက်တွဲဂယက်ဒဏ် ခံရမည်ဟု တရုတ်သတိပေး
23-Sep-2018


ဘေဂျင်း၊ စက်တင်ဘာ ၂၂

ရုရှားနိုင်ငံမှ ဂျက်တိုက်လေယာဉ်များနှင့် ဒုံးကျည်များဝယ်ယူခဲ့ခြင်းနှင့် ပတ်သက်၍ တရုတ်စစ်တပ်အပေါ် ဒဏ်ခတ်အရေးယူမှုများကို ပြန်လည်ရုပ်သိမ်းပေးရန် ဘေဂျင်းအစိုးရက ဝါရှင်တန်ကို တောင်းဆိုလိုက်ပြီး အကယ်၍ ရုပ်သိမ်းပေးခြင်းမရှိပါက နောက်ဆက်တွဲ အကျိုးဆက်ကို ကြံ့ကြံ့ခံရင်ဆိုင်ရမည်ဖြစ်သည်ဟု သတိပေးလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။

အမေရိကန်ပြည်ထောင်စုက တရုတ်နိုင်ငံသည် ရုရှားအပေါ်အမေရိကန်၏ ဒဏ်ခတ်အရေးယူမှုကို ဆန့်ကျင်ကာ ရုရှားထံမှ စစ်လက်နက်များ ဝယ်ယူခဲ့သည်ဟု စွပ်စွဲခဲ့သည်။ 

တရုတ်နိုင်ငံက လတ်တလော ရုရှားလုပ် ဆူခိုး Su 35 အမျိုးအစား ဂျက်တိုက်လေယာဉ် ၁၀ စင်းနှင့် S-400 အမျိုးအစား ဒုံးကျည်များ ဝယ်ယူခဲ့သည်။ 

ယူကရိန်းနိုင်ငံ ကရိုင်းမီးယားဒေသကို သိမ်းပိုက်ရယူခဲ့ခြင်းကြောင့် ရုရှားနိုင်ငံအား အမေရိကန်ပြည်ထောင်စုနှင့် အနောက်မဟာမိတ်များက ဒဏ်ခတ်အရေးယူခဲ့သော်လည်း ယင်းကိစ္စတွင် တရုတ်နိုင်ငံပါဝင်ခြင်းမရှိခဲ့ပေ။ 

တရုတ်စစ်တပ်အပေါ် ဒဏ်ခတ်အရေးယူလိုက်မှုနှင့်ပတ်သက်၍ တရုတ်အစိုးရအရာရှိများက ယင်းလုပ်ရပ်များကို အမြန်ဆုံးရုပ်သိမ်းပေးရန် အမေရိကန်အစိုးရကို သောကြာနေ့က တောင်းဆိုလိုက်သည်။ 

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ဂန်ရှောင်က တရုတ်တပ်မတော်အပေါ် စီးပွားရေးပိတ်ဆို့အရေးယူရန် အမေရိကန်အစိုးရ၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ဘေဂျင်းအစိုးရက အလွန်အမင်း မကျေမနပ်ဖြစ်လျက်ရှိကြောင်း၊ ယင်းကိစ္စအတွက် တရားဝင်ကန့်ကွက်သည့် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ကြောင်းပြောကြားသည်။ 

“အမေရိကန်ပြည်ထောင်စုအနေနှင့် အမှားများကို ချက်ချင်းပြန်လည်ပြင်ဆင်ပြီး ဒဏ်ခတ်အရေးယူမှုဆိုသောကိစ္စကို ပြန်လည်ရုပ်သိမ်းပေးရန် ကျွနု်ပ်တို့ အခိုင်အမာ တိုက်တွန်းလိုက်သည်။ 

ထိုသို့မဟုတ်ပါက အမေရိကန်ပြည်ထောင်စုအနေနှင့် နောက်ဆက်တွဲဂယက်များကို မလွဲမသွေ ခံစားရမည်ဖြစ်သည်”ဟု ၎င်းက ကြေညာချက်ထုတ်ပြန်သည်။ 

ထိုသို့ ရုရှားထံမှ စစ်လက်နက်ဝယ်ယူမိခြင်းကြောင့် တရုတ်စစ်တပ်ကို ဒဏ်ခတ်အရေးယူခဲ့သည့် အမေရိကန်ပြည်ထောင်စုအပေါ် ရုရှားအစိုးရကလည်း ပြစ်တင်ဝေဖန်သည်။ ယင်းလုပ်ရပ်သည် စီးပွားရေးယှဉ်ပြိုင်မှုအပေါ် ဖိနှိပ်ခြင်းဖြစ်သည်ဟု ဆိုသည်။ 

အမေရိကန်ပြီးလျှင် ကမ္ဘာပေါ်၌ စစ်လက်နက် ဒုတိယအများဆုံး တင်ပို့ရောင်းချသည့်နိုင်ငံမှာ ရုရှားဖြစ်သည်။ 

“အမေရိကန်တွေ အခုလိုဘာဖြစ်လို့ လုပ်သလဲဆိုတော့ ကျွန်တော်တို့ရုရှားဟာ သူတို့နဲ့ လက်နက်တွေ အပြိုင်ထုတ်လုပ်နေလို့ပါပဲ” ဟု ရုရှားကုန်သွယ်ရေးဝန်ကြီး ဒင်းနစ်မန်တူရော့ဗ်က သတင်းထောက်များကို ပြောကြားသည်။ 

အမေရိကန်ပြည်ထောင်စုသည် ကြာသပတေးနေ့က တရုတ်စစ်လက်နက် ဖွံ့ဖြိုးရေးဌာနနှင့် ယင်းဌာနအကြီးအကဲကို အမည်မည်းစာရင်းသို့ ထည့်သွင်းကာ ဒဏ်ခတ်အရေးယူလိုက်သည်။ 

ယင်းစာရင်းတွင် ရုရှားထောက်လှမ်းရေးနှင့် ကာကွယ်ရေးအရာရှိကြီး ၃၃ ဦးလည်း ပါဝင်သည်။

F-01