News

POST TYPE

NEWS

ဒေါ်နယ်ထရမ့်ကို ပစ်သတ်မည်ဟု ခြိမ်းခြောက်သူ အိုဟိုင်းယိုးတွင် ဖမ်းမိ
23-Sep-2018



ဝါရှင်တန်၊ စက်တင်ဘာ ၂၂

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ပစ်သတ်မည်ဟု ခြိမ်းခြောက်သည့် အမျိုးသားကို အိုဟိုင်းယိုးပြည်နယ်တွင် ဖမ်းမိခဲ့ကြောင်း တာဝန်ရှိသူများက CNN သို့ ပြောကြားသည်။

ပင်ဆီလ်ဗေးနီးယား ပြည်နယ်မှ အသက် ၂၇ နှစ်အရွယ်ရှိ ရှောင်န်ရစ်ချတ် ခရစ္စတီးဆိုသူသည် ထရမ့်နှင့် ခရိုင်အစိုးရ ရှေ့နေတစ်ဦးဖြစ်သူ ဂျွန်မော်ဂါနယ်လီကို ပစ်သတ်မည်ဟု ဖေ့စ်ဘွတ်ခ်တွင် ရေးသားခြိမ်းခြောက်ခဲ့ပြီးနောက် ပြည်ထောင်စု ဖမ်းဝရမ်းအထုတ်ခံရသဖြင့် ထွက်ပြေးနေသူဖြစ်သည်။ 

ခရစ္စတီးကို အိုဟိုင်းယိုးပြည်နယ် မြောက်ပိုင်း မစ်ဖလင်မြို့နယ်ရှိ တောထူထပ်သည့်ဒေသတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဇွန်လအတွင်း ခရစ္စတီးက “နေနှင့်ဦးပေါ့ မော်ဂါနယ်လီရေ၊ သမ္မတဒေါ်နယ်ရေ၊ ထရမ့်ရဲ့ ခေါင်းထဲကို ကျည်ဆန်ရောက်အောင် ပို့ပြီးတာနဲ့ မင်းခေါင်းထဲကို တစ်တောင့်ထည့်မယ်”ဟု ဖေ့စ်ဘွတ်ခ်တွင် ရေးသားခဲ့သည်။

ဥပဒေစိုးမိုးရေးတာဝန်ရှိသူများက ခြေရာခံရှာဖွေခဲ့ကြပြီးနောက် ခရစ္စတီးကို ဓားတစ်လက်၊ ပွိုင့် ၃၈၀ေ ပြောင်းတို သေနတ်တစ်လက်နှင့်အတူ ဖမ်းဆီးရမိခြင်းဖြစ်သည်။

ခရစ္စတီးကို “ဖောက်ထွင်းမှု၊ ခြေချုပ်ဖောက်ဖျက်မှု၊ အနှောင့်အယှက်ဖြစ်စေရန် ကိုယ်ထိလက်ရောက် ကျူးလွန်မှုအတွက်လာရောက်အစစ်ခံရန်ပျက်ကွက်မှု” တို့ဖြင့် ပင်ဆီလ်ဗေးနီးယားပြည်နယ်ကလည်း ဝရမ်းထုတ်ထားသည်ဟု သိရသည်။ ၎င်းကို ဖမ်းဆီးရန်ကြိုးပမ်းသည့် မည်သည့်တာဝန်ရှိသူကိုမဆို သတ်ဖြတ်သွားမည်ဟုလည်း ခရစ္စတီးက ခြိမ်းခြောက်ခဲ့သည်ဟု ဆိုသည်။

စက်တင်ဘာလ ၁၆ ရက်နေ့တွင် ခရစ္စတီးသည် ပင်ဆီလ်ဗေးနီးယားတွင် ပစ်ကပ်ကားတစ်စီး ခိုးယူသွားသည်ဟု အာဏာပိုင်များက ယူဆထားသည်။ ယင်းကားမှာ ပြည်နယ်ချင်းဆက် အမှတ် ၇၁ လမ်းမကြီးနှင့် အိုဟိုင်းယိုးအမှတ် ၁၃ အမြန်လမ်းမကြီးအနီးတွင် တိမ်းမှောက်ခဲ့ပြီး ခရစ္စတီးသည် ခြေလျင်လျှောက်ပြီး ထွက်ပြေးသွားခဲ့သည်။

ဖမ်းမိပြီးနောက် ဆေးရုံသို့ ခေါ်ဆောင်ကာ ကုသမှုခံယူစေခဲ့ပြီး ယခုအခါ အိုဟိုင်းယိုပြည်နယ်မှ အကျဉ်းစခန်းတစ်ခုတွင် ထိန်းသိမ်းထားကာပင်ဆီလ်ဗေးနီးယားပြည်နယ်သို့ ပြန်ပို့ပြီး အမှု ဆက်လက်စစ်ဆေးရန် စီစဉ်နေသည်ဟု သိရသည်။

F-03