News

POST TYPE

NEWS

ဂျာမနီနိုင်ငံရေးတွင် ဒုတိယလူထုထောက်ခံမှုအများဆုံးပါတီမှာ လက်ယာစွန်း AfD ဖြစ်လာကြောင်း စစ်တမ်းဖော်ပြ
23-Sep-2018


ဘာလင်၊ စက်တင်ဘာ ၂၂

ဂျာမနီနိုင်ငံတွင် လတ်တလောပြုလုပ်သော စစ်တမ်းတစ်ရပ်အရ လက်ရှိအာဏာရ ညွန့်ပေါင်းအဖွဲ့ကို မဲဆန္ဒရှင် ပြည်သူများ၏ ထောက်ခံမှုကျဆင်းလျက်ရှိပြီး လက်ယာစွန်း AfD ပါတီမှာ အဓိကအမြတ်ထွက်နေသည့် ပါတီဖြစ်နေသည်ကိုတွေ့ရကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။ 

ဂျာမန်လက်ယာစွန်းပါတီဖြစ်သော AfD သည် အာဏာရညွန့်ပေါင်းထဲတွင် ပါဝင်သည့် SPD ပါတီကို ကျော်တက်ကာ အဓိပတိ အန်ဂလာမာကယ်လ်၏ CDU နောက်တွင် ဒုတိယအင်အားအကြီးဆုံးပါတီအဆင့်သို့ ရောက်ရှိလာသည်ကိုတွေ့ရကြောင်း Deutschlandtrend ဟု အမည်ရသည့် စစ်တမ်းတစ်ရပ်ကဆိုသည်။ အဆိုပါစစ်တမ်းကို ပြည်သူပိုင် ရုပ်သံလွှင့်ဌာန ARD က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

ပြီးခဲ့သည့် စက်တင်ဘာလ ၉ ရက်နေ့က လူထုသဘောထားစစ်တမ်းတစ်ရပ်ပြုလုပ်ခဲ့ပြီး နောက်ပိုင်း AfD သည် ထောက်ခံမှု ၂ ရာခိုင်နှုန်းခန့်မြင့်တက်လာပြီး အာဏာရညွန့်ပေါင်းတွင်ပါဝင်သော SPD ထက် ထောက်ခံမှု ၁ ရာခိုင်နှုန်း ပိုများသွားသည်ကိုတွေ့ရကြောင်း ယင်းစစ်တမ်းက ဆိုသည်။ 

ဂျာမနီကို ၂၀၀၅ ခုနှစ်ကစတင် အုပ်ချုပ်ခဲ့သည့် CDU/CSU ပါတီမှာ လူထုထောက်ခံမှုကျဆင်းသွားသည်ဟု ဆိုသည်။ AfD ပါတီသည် ယမန်နှစ် စက်တင်ဘာလက ကျင်းပပြုလုပ်သည့် ပါလီမန်ရွေးကောက်ပွဲတွင် တတိယအင်အားအကြီးဆုံး နိုင်ငံရေးအင်အားစုအဖြစ် ဘွန်ဒါစတာ့ခ်ပါလီမန်လွှတ်တော်ထဲသို့ ပထမဆုံးဝင်ရောက်နိုင်ခဲ့သည့် အချိန်မှစ၍ တစ်နှစ်နီးပါးခန့်ကာလအတွင်း လူထုထောက်ခံမှုမြင့်တက်လာခဲ့သည်။ 

စစ်တမ်းကောက်ယူရာတွင် “လာမယ့် တနင်္ဂနွေမှာ မဲပေးရမည်ဆိုပါက မည်သည့်ပါတီကို မဲပေးမည်နည်း” ဟူသော မေးခွန်းဖြင့်ကောက်ယူခဲ့ခြင်းဖြစ်သည်။ 

AfD ပါတီသည် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်တွင် ဥရောပသမဂ္ဂ (အီးယူ) ကို ဆန့်ကျင်ပါတီအဖြစ် စတင်ထူထောင်ခဲ့ရာမှ နောက်ပိုင်းတွင် ဂျာမနီတွင်းသို့ ရွှေ့ပြောင်းအခြေချသူများဝင်ရောက်မှုကို ဆန့်ကျင်သည့် လက်ယာစွန်းပါတီအဖြစ် အပြည့်အဝ ပြောင်းလဲပစ်ခဲ့သည်။ AfD ပါတီသည် ဂျာမန်အမျိုးသားရေးကိစ္စနှင့်ပတ်သက်၍ လေကြီးမိုးကြီး ပြောဆိုဝေဖန်မှုများကြောင့် ခေတ်သစ်နာဇီအုပ်စုအဖြစ် လစ်ဘရယ်နိုင်ငံရေးသမားများက သမုတ်ခြင်းခံရသည်။ 

မကြာသေးခင်က အရှေ့ပိုင်း ချမ်းမနစ်ဇ်မြို့တွင်ဖြစ်ပွားသော လက်ယာစွန်းအင်အားစုများ၏ ဆန္ဒပြမှုများနှင့် ဆူပူမှုများနှင့်ပတ်သက်၍ ဂျာမနီတွင် အငြင်းအခုံများ၊ သဘောထားကွဲလွဲမှုများစွာ ဖြစ်ပေါ်ခဲ့ပြီး ယင်းဖြစ်ရပ်များက AfD ပါတီအနေနှင့် လူထုထောက်ခံမှု ပိုမိုရရှိအောင် ခွင်ဖန်ပေးလိုက်သကဲ့သို့ ရှိခဲ့သည်။ 

ထို့ပြင် AfD ခေါင်းဆောင်ပိုင်းများနှင့် အဆက်အသွယ်ရှိသည်ဟု စွပ်စွဲခံထားရသော ပြည်တွင်းထောက်လှမ်းရေးအကြီးအကဲ ဟန်းစ်ဂျော့မာဆန်ကို ရာထူးမှဖယ်ရှားရန် ဆုံးဖြတ်ခဲ့သည့် ဂျာမန်အစိုးရမှာလည်း ဝေဖန်မှုများစွာနှင့် ရင်ဆိုင်နေရသည်။ 

F-01