News

POST TYPE

NEWS

မြောက်ကိုရီးယားနှင့် အမြန်ဆုံးစေ့စပ်ညှိနှိုင်းရန် အသင့်ဖြစ်နေပြီဟု အမေရိကန်ပြော
21-Sep-2018



ဝါရှင်တန်၊ စက်တင်ဘာ ၂၀

ဗုဒ္ဓဟူးနေ့က ကျင်းပပြုလုပ်သော ကိုရီးယားနှစ်နိုင်ငံထိပ်သီးဆွေးနွေးပွဲ၌ ပြုံယမ်း ကွန်မြူနစ်အစိုးရခေါင်းဆောင် ကင်ဂျုံအန်း၏ ကတိကဝတ်ပြုပြောဆိုမှုများကို အမေရိကန်ပြည်ထောင်စုအနေနှင့် အထူးပင်ကြိုဆိုလိုက်ပြီး နျူကလီးယားလက်နက်ဖြုတ်သိမ်းရေးအတွက် မြောက်ကိုရီးယားနှင့် စေ့စပ်ညှိနှိုင်းမှုများကို အရေးတကြီးပြုလုပ်ရန် အသင့်ဖြစ်နေပြီဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ထုတ်ဖော်ပြောကြားလိုက်သည်။ 

Channel News Asia သတင်းဌာန၏ ဖော်ပြချက်အရ မိုက်ပွန်ယီယိုသည် ဗုဒ္ဓဟူးနေ့က မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးနှင့် စကားပြောဆိုခဲ့ပြီဖြစ်ပြီး ၎င်းကို လာမည့်သီတင်းပတ်အတွင်း ကုလသမဂ္ဂအထွေထွေညီလာခံကျင်းပစဉ် နယူးယောက်မြို့၌တွေ့ဆုံရန် ဖိတ်ကြားထားသည်ဟု ဆိုသည်။ 

တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်း သုံးရက်တာခရီးစဉ်အဖြစ် မြောက်ကိုရီးယားနိုင်ငံသို့ သွားရောက်လည်ပတ်စဉ် ကင်ဂျုံအန်းက နျူကလီးယားနှင့် ဒုံးကျည်စမ်းသပ်သည့် စက်ရုံ၊ အလုပ်ရုံများကို ဖျက်သိမ်းပါမည်ဟု ကတိပေးကြေညာချက် ထုတ်ပြန်လိုက်ပြီးနောက် အမေရိကန်ပြည်ထောင်စုက စေ့စပ်ညှိနှိုင်းရန် အသင့်ရှိကြောင်း ယခုလိုတုံ့ပြန်လိုက်ခြင်းဖြစ်သည်။ 

မြောက်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စုတို့သည် ဇွန်လ ၁၂ ရက်နေ့က သမိုင်းဝင်ထိပ်သီးဆွေးနွေးပွဲကြီးကို စင်ကာပူတွင် ကျင်းပနိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် နျူကလီးယား ဖျက်သိမ်းရေးနှင့်ပတ်သက်၍ အပြန်အလှန်သံသယများ ကြီးထွားလာပြီးနောက် ဆွေးနွေးပွဲများရပ်ဆိုင်းခဲ့သည်။ 

ယခုတောင်ကိုရီးယားသမ္မတမွန် ဂျေအင်း၏ သမိုင်းဝင်ခရီးစဉ်တွင် ကင်ဂျုံအန်းက ဒုံးကျည်စမ်းသပ်ပစ်လွှတ်သည့် နေရာဖျက်သိမ်းခြင်းကို နိုင်ငံတကာမှ စုံစမ်းစစ်ဆေးသူများ၏ရှေ့မှောက်တွင် လုပ်ဆောင်မည်ဖြစ်သည်ဟု ကတိပြုခဲ့ခြင်းဖြစ်သည်။ 

၎င်းတို့နှစ်ဦး (ကင်ဂျုံအန်းနှင့် မွန်ဂျေအင်း) ပူးတွဲထုတ်ပြန်သည့် ကြေညာချက်တွင် နှစ်နိုင်ငံအနေနှင့် ကိုရီးယားကျွန်းဆွယ်ဒေသကို နျူကလီးယားလက်နက်နှင့် နျူကလီးယားခြိမ်းခြောက်မှုတို့မရှိသည့် ငြိမ်းချမ်းရာနယ်မြေတစ်ခုအဖြစ် ပြောင်းလဲပစ်ရေး၊ ကြားခံဇုန်တစ်ခုနှင့် လေယာဉ် မပျံသန်းရဇုန်တစ်ခု ထူထောင်ရေး၊ အပစ်အခတ်ရပ်စဲရေးနယ်မြေဖြစ်သော ပန်မူဂျွန်းတွင် မြေမြှုပ်မိုင်းများနှင့် ကင်းစခန်းများ ဖယ်ရှားရေးတို့ပါဝင်သည်။ 

တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းသည် အဆိုပါခရီးစဉ်တွင် မမျှော်လင့်ဘဲ မြောက်ကိုရီးယားပြည်သူထောင်ပေါင်းများစွာ၏ ရှေ့မှောက်တွင် မိန့်ခွန်းပြောခွင့် ရရှိသွားသည်။ 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုကမူ ယခုလိုအရေးကြီးသည့် ကတိကဝတ်များကို မြောက်ကိုရီးယားက ပြုလုပ်ခဲ့သည့်အတွက် ဝါရှင်တန်အနေနှင့် ပြုံယမ်းနှင့် အမြန်ဆုံးစေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောကြားသည်။ 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်တွင် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ရီယောင်ဟိုနှင့် နယူးယောက်မြို့၌ တွေ့ဆုံ ဆွးနွေးရန် မိုက်ပွန်ပီယိုက ဖိတ်ကြားထားပြီဖြစ်သည်ဟု ဆိုသည်။ 

F-01