News

POST TYPE

NEWS

တိုင်းအစိုးရရောင်းသည့် တန်ဖိုးနည်းအိမ်ရာ မဝယ်သူ ၁၄၂ ဦးရှိ
21-Sep-2018

ရန်ကုန်၊ စက်တင်ဘာ ၂၀

ရန်ကုန်တိုင်းအစိုးရအဖွဲ့ အစီအစဉ်ဖြင့် မဲနှိုက်ရောင်းချသည့်တန်ဖိုးနည်းနှင့် တန်ဖိုးသင့်အိမ်ရာ ဝယ်ယူခွင့်ရရှိသော်လည်း လာရောက်ဝယ်ယူခြင်းမရှိသူ ၁၄၂ ဦးခန့်ရှိကြောင်း အိမ်ရာစီမံကိန်းများရောင်းချရေး ကြီးကြပ်မှုကော်မတီထံမှ သိရသည်။

တိုင်းအစိုးရက တန်ဖိုးနည်း၊ တန်ဖိုးသင့်တိုက်ခန်း ၈၆၄ ခန်းကို ဇူလိုင်လက မဲနှိုက်ရောင်းချပေးခဲ့ပြီး လာရောက် ဆက်သွယ်ဝယ်ယူခြင်းမရှိပါက တိုက်ခန်းများကို မဲနှိုက်စဉ်က အမှတ်စဉ်အလိုက် အရန်တန်းစီဇယားများမှ မဲမပေါက်သည့်သူများကို ရောင်းချပေးသွားမည်ဖြစ်ကြောင်း အိမ်ရာစီမံကိန်းများရောင်းချရေး ကြီးကြပ်မှုကော်မတီမှ ကော်မတီဝင်ဖြစ်သူ ဦးညီညီက ပြောကြားသည်။

“တိုက်ခန်းတွေကို မဲပေါက်ရင် ငွေပိုငွေလျှံရအောင် ပြန်ရောင်းမယ်။ လက်လွှဲရောင်းမယ်ဆိုတဲ့သူတွေလည်း ရှိကောင်းရှိနိုင်တယ်။ စည်းကမ်းချက်တွေအနေနဲ့ အခွင့်အရေးတွေနဲ့ ရောင်းမယ်ဆိုရင် အသိမ်းခံရမှာသိတဲ့အတွက် ပြန်လည်ဝယ်ယူမှု မရှိကြဘူး။ ငွေသွင်းလည်း မထူးပါဘူးဆိုပြီး လာရောက်မသွင်းတဲ့ သူတွေလည်းရှိပါတယ်”ဟု ၎င်းက ဆိုသည်။

တန်ဖိုးနည်း၊ တန်ဖိုးသင့်တိုက်ခန်းများကို ဝယ်ယူခွင့်ရရှိသူများအနေနှင့် ကနဦး၂၀ ရာခိုင်နှုန်းပေးသွင်းရမည်ဖြစ်ပြီး လက်ရှိတွင် တန်ဖိုးနည်း၊ တန်ဖိုးသင့် လျှောက်ထားသူအချို့မှာ မှားယွင်းလျှောက်ထားမှုများကြောင့် ငွေသွင်းရန် အခက်အခဲများရှိနေပြီး မဆက်သွယ်သူများလည်း ရှိနေကြောင်း တိုက်ခန်းမဲပေါက်သူများထံမှ သိရသည်။

ဝယ်ယူခွင့်ရရှိသူများ အနေနှင့် တိုက်ခန်းဈေးနှုန်းများမှာ တန်ဖိုးနည်း တိုက်ခန်းများကို ကျပ် ၉၈ သိန်းဝန်းကျင်မှ ကျပ်သိန်း ၁၃၀ ဝန်းကျင်ဖြင့်လည်းကောင်း၊ တန်ဖိုးသင့်တိုက်ခန်းများကို ကျပ်သိန်း ၂၀၀ မှ ကျပ်သိန်း ၅၀၀၊ ကျပ်သိန်း ၆၀၀ အထိလည်းကောင်း ငွေပေးသွင်းရမည်ဖြစ်သည်။

ရန်ကုန်တိုင်းအစိုးရ မဲနှိုက်ရောင်းချပေးခဲ့သည့် အိမ်ရာများမှာ ဒဂုံမြို့သစ် တောင်ပိုင်းရှိ အင်းဝအိမ်ရာ၊ ကောင်းစံသာအိမ်ရာ၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ ယုဇနအိမ်ရာ အပိုင်း (၁၊ ၂)၊ ကနောင်အိမ်ရာ၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ကြီးပွားရေးအိမ်ရာ၊ လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ပန်းအိမ်ရာ၊ ထီးလှိုင်အိမ်ရာ၊ ရွှေပြည်သာမြို့နယ်ရှိ Shop House များနှင့် မြောက်ဥက္ကလာပမြို့နယ်ရှိ ရွှေပေါက်ကံ အိမ်ရာတို့ဖြစ်သည်။

J-10