News

POST TYPE

NEWS

တနင်္သာရီမြို့နယ်အတွင်း မုန်တိုင်းဒဏ်ခံ အဆောက်အအုံ ခုနှစ်လုံးဆာက်မည်
21-Sep-2018


ထားဝယ်၊ စက်တင်ဘာ ၂၀

တနင်္သာရီမြို့နယ်အတွင်း မုန်တိုင်းဒဏ်ခံ အဆောက်အအုံ ခုနှစ်လုံးကို လာမည်နှစ် မိုးရာသီမတိုင်မီ ဆောက်လုပ်ရန် လျာထားကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဝင်းစန္ဒာကြည်က ပြောသည်။

ရေကြီးရေလျှံမှု ဖြစ်ပွားလေ့ရှိသည့် တနင်္သာရီမြို့ပေါ်တွင် နှစ်လုံးနှင့် မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ငါးလုံးဆောက်ရန် လျာထားပြီး ရေကြီးချိန်တွင် ခိုလှုံနိုင်ရန် ရည်ရွယ်ကြောင်း ဒေါ်ဝင်းစန္ဒာကြည်က ဆိုသည်။

လူဦးရေ ၅၀၀ ဆံ့ အဆောက်အအုံများ ဆောက်မည်ဖြစ်ပြီး ဆောက်လုပ်မည့်နေရာကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ အဆင့်ဆင့်က ရွေးချယ်တင်ပြထားကြောင်း ၎င်းက ပြောသည်။

“နောက်နှစ်မိုးရာသီ မတိုင်မီတော့ ဆောက်ဖြစ်မှာပါ”ဟု ဒေါ်ဝင်းစန္ဒာကြည်က ပြောသည်။

မုန်တိုင်းဒဏ်ခံ အဆောက်အအုံ ဆောက်မည်ဆိုပါက ရေလွှမ်းချိန်တွင် ခိုလှုံရာနေရာအဖြစ် အသုံးပြုနိုင်မည့်အပြင် စာသင်ကျောင်း (သို့) အစည်းအဝေး ခန်းမကဲ့သို့ပါ သုံးစွဲနိုင်ရန် လုပ်ဆောင်သင့်ကြောင်း တနင်္သာရီမဲဆန္ဒနယ် အမှတ် (၂) မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ဆိုသည်။

“ရေကြီးမှ တက်နေရမယ်၊ ရေမကြီးတဲ့အချိန် ပိတ်ထားရမယ်ဆို အဆင်မပြေဘူးလေ”ဟု  ဦးရဲမြင့်ဆွေက ပြောသည်။

ယင်းအပြင် မုန်တိုင်းဒဏ်ခံ အဆောက်အအုံများကို အမှန်တစ်ကယ် လိုအပ်ပြီး အချက်အချာကျသည့် နေရာမျိုးတွင် ဆောက်လုပ်သင့်ကြောင်း ၎င်းက ဆိုသည်။

တနင်္သာရီတိုင်းအတွင်း ကော့သောင်းမြို့နယ်၊ လောင်းလုံးမြို့နယ်နှင့် သရက်ချောင်းမြို့နယ်တို့တွင် မုန်တိုင်းဒဏ်ခံ အဆောက်အအုံများ ဆောက်လုပ်ထားပြီးဖြစ်သည်။

Dawei Watch

 


  • VIA