News

POST TYPE

NEWS

ရတနာပုံတက္ကသိုလ်အုတ်တံတိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီကို ဆဲဆိုသည့်စာများ ရေးသား
21-Sep-2018

မန္တလေး၊ စက်တင်ဘာ ၂၀

မန္တလေးမြို့ ရတနာပုံတက္ကသိုလ် အလယ်ဝင်ပေါက် အုတ်တံတိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နှင့် NLD ပါတီကို ဆဲဆိုထားသည့်စာသားများ စက်တင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းက မှုတ်ဆေးဖြင့် ရေးသားမှုဖြစ်ခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် ယင်းတက္ကသိုလ်တာဝန်ရှိသူများထံမှ သိရသည်။

အနီရောင်အုတ်တံတိုင်းပေါ်တွင် မှုတ်ဆေးအဖြူဖြင့် ရေးသားခဲ့ခြင်းဖြစ်ပြီး အောင်ဆန်းစုကြည်ပါတီ ကုလားမယား ပါတီ၊ NLD အစိုးရ အလိုမရှိ၊ ကုလား ပါတီ NLD ရိုဟင်ဂျာပါတီ NLD စသည့် စာသားများကို တွေ့ရှိခဲ့ကြောင်း၊ ယင်းစာသားများကို ကျောင်းတာဝန်ရှိသူများက ယင်းနေ့ နံနက်အစောပိုင်းကပင် ဆေးအနီပြန်သုတ်ကာ ဖျက်ပစ်ခဲ့ရကြောင်း ရတနာပုံတက္ကသိုလ်မှ ဆရာတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် လစ်လပ်နေသည့် အစိုးရအဖွဲ့ဝန်ကြီးများနှင့် လွှတ်တော်အမတ်များကို ပြန်လည်ဖြည့်စွက်နိုင်ရေး ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန် လစ်လပ်မဲဆန္ဒနယ်မြေများတွင် နိုင်ငံရေးပါတီ အသီးသီးက မဲဆွယ်စည်းရုံးမှုများပြုလုပ် နေချိန်ဖြစ်သည်။

မန္တလေးမြို့တွင်းရှိ နေရာအချို့တွင် စက်တင်ဘာလ ၄ ရက်နှင့် ၅ ရက်နေ့ ညပိုင်းကလည်း UN အလိုမရှိ၊ NLD အစိုးရအယုံအကြည်မရှိ စသည့်စာသားများ ရေးသားထားသည့် စာရွက်များကို လူတစ်စုက လိုက်လံကပ်ထားခဲ့မှုဖြစ်ပွားခဲ့မှုကို လက်ရှိအချိန်အထိ မဖော်ထုတ်နိုင်သေးချိန်တွင် ယခုကဲ့သို့ ထပ်မံပေါ်ပေါက်လာခြင်းလည်းဖြစ်သည်။ 

“ဒီမိုကရေစီနိုင်ငံရေးမှာတော့ သဘောထားကွဲလွဲမှုတွေက ရှိနေမှာပါပဲ။ ကြိုက်တဲ့သူရှိမယ် မကြိုက်တဲ့သူရှိမယ်။ ဝေဖန်ရာမှာလည်း ပြင်းထန်မယ်။ ကြမ်းတမ်းမယ်။ ယဉ်ယဉ်ကျေးကျေးနဲ့ ထောက်ပြတာမျိုးရှိမယ်။ ဝေဖန်တဲ့သူရဲ့ စရိုက်ကလည်း ရှိသေးတာကိုး။ ဆိုတော့ အခုဖြစ်ရပ်အပေါ်မှာ ကျွန်တော်တို့က ဘယ်လိုမှ သဘောထားစရာမရှိပါဘူး။ ကျွန်တော်တို့ပါတီက လူထုထောက်ခံမှုနဲ့အစိုးရဖြစ်လာတယ်။ ပါတီအနေနဲ့လည်း အဲ့လိုပဲဖြစ်တယ်။ ဒီတော့ လူထုရဲ့ထောက်ခံမှုကိုပဲ ယုံကြည်ပါတယ်”ဟု မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အထွေထွေအတွင်းရေးမှူး ဦးတင်ကိုကိုက ပြောကြားသည်။

M-04